ယူနိုက်တက်နည်းပြ ဆိုးရှားက စီနီယာကစားသမားတွေ ဖြစ်တဲ့ မာရှယ်နဲ့ လင်ဂတ်တို့ ဒဏ်ရာ ကိုယ်စီ ရှိနေတာကြောင့် ၂ ပတ်ကနေ ၃ ပတ်ကြာ ကစားနိုင်ဦးမှာ မဟုတ်ကြောင်း အတည်ပြု ပြောကြားသွားပါတယ်။ ဒါကြောင့် ၄င်းတို့ နှစ်ဦးဟာ ချယ်ဆီး၊ လီဗာပူးနဲ့ ရင်ဆိုင်ရမယ့် ပွဲတွေကို လွဲချော်တော့မှာပါ။

ယူနိုက်တက် အားကစားဒါရိုက်တာ ရာထူးနေရာအတွက် ဂန္တ၀င်ကစားသမားကြီး အဲရစ်ကန်တိုနာက တာဝန်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ယူနိုက်တက်ဟာ အသင်း ဖွဲ့စည်းတည်ဆောက်ပုံပိုင်း ထိန်းချုပ်နိုင်ဖို့နဲ့ ကလပ်ရဲ့ အဓိက အရည်အသွေး၊ ခံယူချက်ပိုင်းကို ပျောက်ကွယ် မသွားစေအောင် အရောင်တင်ဖို့ သင့်တော်မယ့်သူ ရှာဖွေနေတာပါ။

ယူနိုက်တက် နည်းပြဟောင်း မော်ရင်ညိုနဲ့ ရင်းနှီးတဲ့ အကြံပေး အီလာဒီယိုပါရာမက်စ်က ယာယီနည်းပြ ဆိုးလ်ရှားကို ဝေဖန်တိုက်ခိုက် စကားဆိုလိုက်ပါတယ်။ ၄င်းက – ” ယာယီနည်းပြကို ကြည့်လိုက်ပါ။ ဆိုးလ်ရှားရဲ့ အင်္ဂလန် နည်းပြဘဝအစက ကာဒစ်ဖ်မှာ စခဲ့တယ်။ ကာဒစ်ဖ်က ၇ ပွဲသာနိုင်ပြီး အမှတ် ၃၀ သာရတယ်။ အဆင့်က ၂၀ ပါ။အခု အဲလိုလူက ယူနိုက်တက်ဆီ ပြန်ရောက်နေတယ် ” လို့ ဝေဖန်ခဲ့ပါတယ်။

ယူနိုက်တက်က လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ စီရိုနယ်ဒိုလက်သစ်လို့ နာမည်ကြီးနေတဲ့ အသက် ၁၉ နှစ်အရွယ် ဂျိုအိုဖိလစ်ကိုခေါ်ယူဖို့ စီစဉ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အသက်ငယ်ရွယ်ပြီး အနာဂတ်အလားအလာရှိတဲ့ ဖိလစ်ကို ယူနိုက်တက် အပြင် ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့ကလည်းခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

ဆိုးရှားက ပီအက်စ်ဂျီကို ရှုံးလိုက်တာဟာ ယူနိုက်တက်အတွက် အချက်ပေး ခေါင်းလောင်းသံ မဟုတ်ကြောင်းနဲ့ အသင်း သွားနေတဲ့ ပုံစံကို ပြောင်းလဲပစ်ရန် မလိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။

ဒီရာသီ အက်ဖ်အေပြိုင်ပွဲမှာ ပဉ္စမ အဆင့်ကနေ စလို့ ရှေ့လာမယ့်အဆင့်တွေမှာ ပြန်လည်ကစားခြင်းကို ပယ်ဖျက်ထားပါတယ်။ ဒီအချက်ကြောင့် မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီးတို့ဟာ ပွဲသိမ်းခရာမှုတ်ချိန်၊ နာကျင်အချိန်ပို အထိ မတိုးသာ မဆုတ်သာ အခြေအနေမှာ ရှိနေမယ့် သရေအခြေအနေမျိုးကို အဲ့ဒီ့နေ့မှာမှ တစ်ခါတည်း ဆုံးဖြတ်မှာ ဖြစ်ပါတယ်။