လီဗာပူး၊ ယူနိုက်တက်တို့က ခေါ်ယူဖို့ အနီးကပ် စောင့်ကြည့်မှုတွေ ရှိနေပေမယ့် ပေါ်တို ခံစစ်သမား မီလစ်တိုကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်က အရေးသာနေပါတယ်။

လီဗာပူးတိုက်စစ်မှူး ဖာမီနိုဟာ ဘိုင်ယန်နဲ့ ပွဲကြို တနင်္လာနေ့ အသင်းထရိန်နင်မှာ မပါဝင်ခဲ့တာ တွေ့ရပါတယ်။ သတင်းများအရ ဗိုင်းရပ်စ် ရှိနေတာကြောင်း လေ့ကျင့်ရေး မပါဝင်နိုင်တာ ဖြစ်ပြီး အင်္ဂါည ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ပွဲစဉ် ပါဝင်ဖို့ မသေချာတဲ့အရေး ရင်ဆိုင်နေရပါတယ်။

လီဗာပူးအသင်းဟာ အသက် 19 နှစ်အရွယ် လူငယ် ဘယ်အစွန်လူ လီဝစ်ကို ကာလရှည် သက်တမ်းတိုးနိုင်ခဲ့ပါတယ်။ မာဆေးဆိုဒ်ဖွားဟာ လာမယ့်နှစ်တွေမှာ စီနီယာအသင်းထံ တိုးမြင့်ရောက်ရှိလာဖို့ ထင်ကြေးပေးခြင်းတွေ ပိုင်ဆိုင်ထားသူပါ။

လီဗာပူးအသင်းဟာ ဒေါ့မွန်အသင်းမှ ဆန်ချိုကို ခေါ်ယူဖို့ အပြောင်းအရွှေ့ လှုပ်ရှားမှုထဲ ဝင်ရောက်လာနိုင်ပါတယ်။ မန်စီးတီးအသင်းမှာ ရှိစဉ်ကတည်းက စိတ်ဝင်စားခဲ့ပေမယ့် ခေါ်ယူဖို့ အခွင့်မသာခဲ့ပါဘူး။

လီဗာပူး အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်က အသင်းနဲ့ အတူ ပြည်တွင်း ပရီးမီးယားလိဂ်ရော ဥရောပ ချန်ပီယံလိဂ်ဖလားကိုပါ ဗိုလ်စွဲဖို့ ပစ်မှတ်ထားကြောင်း ပြောကြားလိုက်ပါတယ်။ ‘ကျနော်တို့ကို ဘယ်ဖလားယူမလဲ မေးရင် နှစ်ခုလုံးပဲလို့ ဖြေမှာပါ’ လို့ ၄င်းက ဆိုပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ရာသီအစောပိုင်း လတွေမှာ ပုံစံကောင်း မပြနိုင်ခဲ့သော်လည်း ဒီတလောပိုင်းမှာ ပုံစံကောင်းတွေ ပြန်လည် တည်ဆောက်နေတာတွေက ယခင်ထက် ပိုမို အန္တရာယ်ပေးနိုင်တဲ့ အသင်း ဖြစ်လာကြောင်း လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ပြောကြားလိုက်ပါတယ်။

လီဗာပူးဟာ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ဥရောပပွဲ ၁၉ ပွဲလုံးကို အရေးမနိမ့်ထားဘူး။ ဘိုင်ယန်မြူးနစ်ကလည်း အန်ဖီးကို အလည်လာကစားတဲ့ နောက်ဆုံး သုံးပွဲမှာ တစ်ဂိုးမှ မသွင်းနိုင်ထားပါဘူး။

ဘင်ဖီကာ ကွင်းလယ်လူ ဖီလစ်ကို ခေါ်ယူဖို့ရာ ဝုဗ်အသင်းဟာ ယူနိုက်တက်နဲ့ လီဗာပူးအပေါ် အရေးသာမှုတွေ ရှိလာပါတယ်။ ပေါ်တူဂီ မျိုးဆက်တွေ အများအပြားရှိတဲ့ ဝုဗ်အသင်းဟာ ဖီလစ်အတွက် မက်လုံးဖြစ်လာစေတယ်လို့ သိရပါတယ်။