ယူနိုက်တက်နည်းပြ ဆိုးရှားက ဟာရဲရားရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးပြောဆိုမှုများ ပြုလုပ်သွားပြီး ၄င်းရဲ့ ကြံ့ခိုင်မှုပိုင်း စိတ်အား ထက်သန်မှုပိုင်းတွေကို အားရကျေနပ်နေခဲ့ပါတယ်။ ယူနိုက်တက်အတွက် ပွဲတိုင်း ထည့် ကစားချင်တဲ့ ကစားသမားကလည်း ဟာရဲရားပါလို့ ဆိုးရှားက ဆိုပါတယ်။

ယူနိုက်တက်က စပိန်သား ဒီဂီယာကို ၅ နှစ် ကာလရှည် စာချုပ်ချုပ်က အိုးထရက်ဖို့မှာ လစာအများဆုံး ရစေမယ့် ပေါင် သန်း ၉၀ တန်ကြေး ရှိ စာချုပ်ကမ်းလှမ်းမှု ပြုလုပ်ထားခဲ့ပါတယ်။ ကစားသမားဘက်ကလည်း အသင်းမှာ ဆက်နေဖို့ လိုလားပေမယ့် ၄င်း ကိုယ်စားလှယ် အေးဂျင့်နဲ့ ညှိနှိုင်းနေရမှုကြောင်း ကြံ့ကြာနေဆဲပါ။

ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာက ဒီရာသီ ကလပ်အသင်းနဲ့အတူ ဆုဖလား တစ်ခုခု ဆွတ်ခူးလိုနေပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီက ဖလားလက်မဲ့ ဖြစ်ခဲ့ရခြင်း အပေါ် နာကျင်နေသေးကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဟာ အက်ဖ်အေဖလား မှာလည်း ချယ်ဆီးကို အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်ရောက်ထားကာ ချန်ပီယံလိဂ်မှာတော့ နောက်တစ်ဆင့် တက်ရန် ပီအက်စ်ဂျီကို ကျော်ဖြတ်ဖို့ လိုပါသေးတယ်။

ပရီးမီးယားလိဂ်မှာ ပေါ့ဘာထက် ကောင်းတဲ့ ကစားသမား မမြင်မိဘူးလို့ ယူနိုက်တက်ခံစစ်မှူးဟောင်း ဖီးလ်နဗီးလ်က ချီးကျူးစကား ဆိုလိုက်ပါတယ်။ ယူနိုက်တက်က ချယ်ဆီးကို နိုင်လိုက်တဲ့ အက်ဖ်အေပွဲစဉ်အပြီးမှာ နဗီးလ်က ပေါ့ဘာကို ထိုသို့ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

ယာယီမန်နေဂျာ ဆိုးရှား လက်အောက်မှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ကွင်းလယ်လူ ဟာရဲရာဟာ မန်ချက်စတာ ကလပ်နဲ့ သုံးနှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ အခြေအနေကောင်းနေခြဲ့ပီဖြစ်ပါတယ်။ ဒီအပတ်တွေထဲမှာ စကားပြောမှု စတင်နေခဲ့ပြီး စာချုပ်သစ်အရ တစ်ပတ်ကို လုပ်ခ ပေါင် 100,000 ဝန်းကျင် ရရှိမှာပါ။

ယူနိုက်တက်၊ လီဗာပူးတို့က ခေါ်ယူဖို့ အနီးကပ် စောင့်ကြည့်နေတဲ့ ပေါ်တို ခံစစ်သမား မီလစ်တိုကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်က အရေးသာနေပါတယ်။