ယူနိုက်တက်ဟာ အင်္ဂလန်လူငယ် တိုက်စစ်မှူး ရပ်ဖိုဒ့်အတွက် အကျိုးအမြတ်များမယ့် စာချုပ်သစ်နဲ့အတူ ကာလရှည် သက်တမ်းတိုးနိုင်ဖို့ ကမ်းလှမ်းမှု ပြုလုပ်ထားပါတယ်။ စာချုပ်သစ်မှာ ရပ်ဖိုဒ့်အား တစ်ပတ်ကို လုပ်ခ ပေါင် ၂သိန်းနဲ့အတူ အပိုဆုကြေးတွေ ထပ်မံ ပေးအပ်မှာဖြစ်ပြီး စာချုပ်ကာလဟာ ၂၀၂၅ ထိ ရှိမယ်လို့ သိရပါတယ်။

ဆိုးရှားရဲ့ မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းကြီးတွေ ဖြစ်တဲ့ တော့တင်ဟမ်၊ အာဆင်နယ်၊ ချယ်ဆီးတို့ကို ရင်ဆိုင်ရာမှာ အောင်ပွဲတွေ ရယူထားတာ ဖြစ်လို့ ဒီတပတ် ပရီးမီးယားလိဂ် ဦးဆောင်သူ လီဗာပူးကို ရင်ဆိုင်ရာမှာ ယုံကြည်မှု အပြည့် ရှိနေကြောင်း အက်ရှ်လေယန်းက ပြောကြားလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး ခရစ် စမောလင်းက ကလပ်အသင်းဟာ ဆိုးရှားရောက်လာပြီးနောက် ပြိုင်ဘက်တွေကို ခြိမ်းခြောက်နိုင်တဲ့ အသင်းကောင်း အနေအထား ပြန်လည်ရောက်ရှိနေပြီလို့ ပြောကြားလိုက်ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဇာလက်တန် အေဗရာဟင်မိုဗစ်က ၄င်းဟာ အင်္ဂလန်သို့လာပြီး ပရီးမီးယားလိဂ်မှာ လွှမ်းမိုးကာ မလိုမုန်းထားသူများ အားလုံး ထင်ထားတာ မှားယွင်းကြောင်း သက်သေပြနိုင်ခဲ့တယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်မှာ ၂၀၁၆ ကနေ ၂၀၁၈ အတွင်း ရှိခဲ့တဲ့ မိုဗစ်က ၅၃ ပွဲကစား ၂၉ ဂိုး သွင်းကာ ယူနိုက်တက်နဲ့ အတူ လိဂ်ဖလားနဲ့ ယူရိုပါလိဂ် ဖလား ဗိုလ်စွဲခဲ့ပါတယ်။

ယူနိုက်တက်နဲ့ ဂျူဗင်တပ်အသင်းက ပစ်မှတ်ထားနေတဲ့ ဂါရတ်ဘေးလ်အတွက် ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ်က ပေါသ် သန်း ၁၃၁ သန်း ဈေးသတ်မှတ်လိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်မှ ထွက်ခွာပြီး တရုတ်စူပါလိဂ်ကလပ်ဆီသို့ ပြောင်းရွှေ့ကာ ဘ၀သစ် စခဲ့တဲ့အပေါ် နောင်တရစရာ မရှိကြောင်း ဖယ်လိုင်နီက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ၄င်းဟာ လေးစားရမယ့် ကစားသမား တစ်ယောက် အနေနဲ့ သိက္ခာရှိစွာ ထွက်ခွာခဲ့တယ်လို့ ဆိုပါတယ်။

ယူနိုက်တက် အနေနဲ့ မန်စီးတီးအကယ်ဒမီထွက် ဒေါ့မွန် ကြယ်ပွင့် ဆန်ချိုကို ခေါ်ယူဖို့ ရာသီကုန်မှာ အဆင့် ၄ အတွင်း ၀င်ကာ နောက်ရာသီ ချန်ပီယံလိဂ် ၀င်ခွင့်ရမှာသာ ဖြစ်နိုင်ကြောင်း Mirror သတင်းမှာ ဖော်ပြထားပါတယ်။ ဒေါ့မွန်ကတော့ ၄င်းတို့ ကြယ်ပွင့်ကစားသမားလေးကို လက်လွှတ်လိုမှာ မဟုတ်ဘဲ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ ကျော်မှသာ စဉ်းစားဖွယ် ရှိပါတယ်။

ဘိုင်ယန်မြူးနစ်က ခရစ္စတယ်ပဲလေ့စ် ခံစစ်မှူး ၀မ် ဘစ်ဆာကာကို ခေါ်ဖို့ စိတ်ဝင်စားမှု ပြသလာကြောင်း ဒေးလီးမေးလ်မှာ ဖော်ပြထားပါတယ်။ ညာခြမ်းခံစစ်မှူးကို မန်ချက်စတာ ကလပ် နှစ်သင်းလုံး အပြင် ချယ်ဆီး၊ ဒေါ့မွန်၊ အဲဗာတန်တို့ကလည်း ခေါ်ယူလိုနေကြတာပါ။ ပဲလေ့စ်ကတော့ သူတို့ရဲ့ ပေါင် သန်း ၄၀ ၀န်းကျင် တန်ကြေးရှိ အသက် ၂၁ နှစ်အရွယ် ခံစစ်မှူးကို လက်မလွှတ်လိုသေးပါဘူး။