ဒီလအစောပိုင်းမှာတုန်းက ၀က်စ်ဟမ်းနဲ့ သရေကျတဲ့ပွဲအပြီးမှာ ဒိုင်လူကြီး ကီဗင်ဖရန့်ရဲ့ စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်သွားတဲ့ လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ရဲ့ အပြုအမူတွေအတွက် အက်ဖ်အေက ပေါင် 45,000 ကို ဒဏ်ရိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဘရာဇီးကစားသမား ဖာဘင်ညိုဟာ ဗဟိုခံစစ်မှာ ခြေစွမ်းကောင်းတွေ ပြသနေပေမယ့် ရေရှည်မှာ ကွင်းလယ်လူနေရာအတွက် အသုံးပြုဖို့ပဲ လျာထားပါတယ်လို့ ဆိုပါတယ်။

ယူနိုက်တက်ကို ခေတ္တ တာဝန်ယူထားပေမယ့် လက်ရှိနည်းပြ ဆိုးရှားဟာ ထိပ်သီး ကလပ်အသင်း တစ်သင်းသင်းကို ကိုင်တွယ်ဖို့ ထိုက်တန်သူ ဖြစ်ကြောင်း ပြသထားခဲ့ပြီလို့ ကလော့ပ်က ချီးကျူးလိုက်ပါတယ်။

လီဗာပူး ဗဟိုခံစစ်မှူး ဗန်ဒိုက်က အသင်းမှာ အကြာကြီး ဆက်ရှိသွားချင်ပြီး ပရိသတ်တွေက သူ့ကို အသင်း ဂန္တ၀င်ကစားသမား တစ်ယောက် အဖြစ် အမှတ်ရသွားစေချင်တယ်လို့ ဘီဘီစီနဲ့အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

လီဗာပူး ဂန္တဝင်ကြီး စတီဗင်ဂျရတ်ဟာ အန်ဖီးမှာ အေစီမီလန် ဂန္တဝင်အသင်းနဲ့ လီဗာပူးဂန္တဝင်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ရန်ပုံငွေမှာ ပါဝင်ကစားပေးမှာ ဖြစ်ပါတယ်။ လီဗာပူး အသင်းခေါင်းဆောင်ဟောင်းဟာ မတ်လ 23 ရက်နေ့မှာ ရော်ဘီဖောင်လာ၊ ဒန်နီရယ်အဂ္ဂါ၊ ဆမ်မီဟစ်ပီယာ၊ ဒက်ကွတ်၊ ဂျင်မီကာရေဂါ အစရှိတဲ့ အနီရောင်အသင်းသားဟောင်းတွေနဲ့အတူ တွဲဖက်ပြီး မီလန်အသင်းကို ရင်ဆိုင်မှာဖြစ်ပါတယ်။

လာမယ့် တနင်္ဂနွေနေ့ ယူနိုက်တက်နဲ့ လီဗာပူးပွဲမှာ ယူနိုက်တက်မှ ဒဏ်ရာရ ကစားသမားတွေဖြစ်တဲ့ မာရှယ်နဲ့ လင်ဂတ်တို့ ပြန်လည် ပါဝင်လာဖို့ ကြံ့ခိုင်မှု ကောင်းမွန်နေကြောင်း ဆိုးရှားက ထုတ်ဖော်ပြောဆိုပါတယ်။

ပွဲကြိုရှင်းလင်းပွဲမှာ ကလော့ပ်က အိုလီဂန်နာဆိုးရှားဟာ မန်ချက်စတာယူနိုက်တက်မှာ ထူးခြားပြောင်မြောက်တဲ့ အလုပ်ကို လုပ်နေပြီး ထိပ်တန်း နည်းပြ အလုပ်အတွက် သင့်တော်သူဖြစ်ကြောင်းကို ပြသခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။