ပြင်သစ်သား ကွင်းလယ်ကစားသမား ကန်တေက ရှုံ့ချမှုများခံနေရတဲ့ အသင်းဖော် ဂျော်ဂျင်ဟိုဘက်က အသင်းရဲ့ အလွန် အရေးပါတဲ့ ကစားသမားလို့ ပြောဆိုလိုက်ကာ ပရိသတ်တွေ အနေနဲ့ ကစားသမားဘက်က ရပ်တည်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

ချယ်ဆီး အပြောင်းအရွှေ့ ပိတ်ပင်ခံလိုက်ရတာက ဟာဇက်ကို အသင်းကနေ ထွက်ခွာဖို့ ပိုပြီး တွန်းအားပေးလိုက်သလို ဖြစ်ကြောင်း အင်္ဂလန်မီဒီယာများက သုံးသပ်နေကြပါတယ်။ ချယ်ဆီးအသင်းဟာ ဖီဖာရဲ့ အပြောင်းအရွှေ့ စည်းမျဉ်းတွေကို ချိုးဖောက်ကြောင်း တွေ့ရှိရတဲ့အတွက် လာမယ့် အပြောင်းအရွှေ့ နှစ်ကြိမ် ကစားသမား ၀ယ်ယူမှု ပိတ်ပင်ခံလိုက်ရတာပါ။

ချယ်ဆီးအသင်းက လာမယ့် အပတ်ထဲမှာသာ ဆာရီကို ထုတ်ပယ်ဖြစ်ရင် အစားထိုးရန် အင်္ဂလန်အသင်းမှ ဆောက်ဂိတ်ရဲ့ လက်ထောက် နည်းပြ စတိဗ် ဟော်လန်ကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဟာဇက်ကို ချယ်ဆီးကနေ ၀ယ်ယူဖို့အတွက် ဈေးနှုန်းဖြတ် သတ်မှတ်ခြင်းများ စီစဉ်လုပ်ဆောင်နေပြီလို့ သိရပါတယ်။ ကော်တိုရစ်ကို ချယ်ဆီးကနေ ခေါ်နိုင်ခဲ့သလို ဟာဇက်ကိုလည်း ထပ်မံ ခေါ်နိုင်ဖို့ ယုံကြည်မှု ရှိနေပါတယ်။ သတင်းများအရ ဟာဇက်အတွက် ယူရို ၁၁၂ သန်း (ပေါင် ၉၈ သန်း) နဲ့ ခေါ်နိုင်ဖို့ ရီးရဲလ်က ကြံရွယ်နေပါတယ်။

ချယ်ဆီးနည်းပြ ဆာရီက ခြေစွမ်းကောင်းတွေ မပြနိုင်လို့ ဝေဖန်ခံနေရတဲ့ ၄င်းရဲ့ တပည့်ရင်း ဂျော်ဂျင်ဟိုကို မယ်လ်မိုနဲ့ ယူရိုပါလိဂ်ပွဲ မှာ ချယ်ဆီး ပရိသတ်တွေက “Boo” အော်ပြီး ရှုံ့ချခဲ့ကြတာနဲ့ ပတ်သတ်ကာ ကာကွယ်ပြောဆိုသွားပါတယ်။ ဂျော်ဂျင်ဟိုက အသင်းအတွက် အရေးပါတဲ့ ကစားသမား ဖြစ်တာကို ပရိသတ်တွေ နားလည်ကြဖို့ ၄င်းက ပြောဆိုခဲ့တာပါ။

မယ်လ်မိုနဲ့ ယူရိုပါလိဂ်ပွဲမှာ ပွဲထွက်ကစားသမားနေရာက ပါဝင်ခွင့်ရတဲ့ အိုဒွိုင်းဟာ ကောင်းမွန်တဲ့ ခြေစွမ်းနဲ့အတူ တတိယဂိုးကို အဆုံးသတ်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် ကာရာဘောင်း ဗိုလ်လုပွဲမှာ ပါဝင်ရဖို့ မသေချာသေးပါဘူး။