မန်ယူနိုက်တက် ကစားသမားဟောင်း ဝိန်းရွန်းနီက မော်ရင်ညိုကို ထောက်ခံစကား ပြောဆို လိုက်ပြီး ကလပ် အသင်းဖော်ဟောင်းတွေကိုလည်း လက်ရှိ သီတင်းပတ်တွေမှာ ပြသနေတဲ့ စွမ်းဆောင်ရည်တွေအတွက် တာဝန်မျှယူလိုစိတ် ရှိရမယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လိဂ်ပြိုင်ဘက် ချီကာဂို ဖိုင်းယားအသင်းကို 2-1 နဲ့ အနိုင်ရတဲ့ပွဲမှာ အသင်း ကပ္ပတိန်သစ် ရွန်းနီက သွင်းဂိုး 2 ဂိုး သွင်းယူခဲ့တာပါ။ ဒါကြောင့် ဒီစီယူနိုက်တက်ဟာ နောက်ဆုံး ယှဉ်ပြိုင်တဲ့ 15 ပွဲမှာ 9 ပွဲကို အနိုင်ရခဲ့ပြီဖြစ်တယ်။

မော်ရင်ညိုရဲ့ ယူနိုက်တက်ဟာ စနေနေ့မှာတုန်းက နယူးကာဆယ်အသင်းကို ခက်ခဲစွာယှဉ်ပြိုင်ခဲ့ရတယ်။ ကလပ်အသင်းဟာ ဒုတိယပိုင်းသွင်းဂိုးတွေနဲ့အတူ ပွဲအပြီးမှာ 3-2 နဲ့ အနိုင်ရခဲ့တာဖြစ်တယ်။ ရွန်းနီက ယူနိုက်တက်ရဲ့ လက်ရှိ အခြေအနေကို မန်နေဂျာဟောင်း ဗန်ဟားလက်ထက်နဲ့ နှိုင်းယှဉ်မှုတွေ လုပ်သွားပါတယ်။

“ ယူနိုက်တက်အတွက် ခက်ခဲတဲ့ အခြေအနေတွေကို ရောက်နေတာ ဖြစ်ပါတယ် ” လို့ ရွန်းနီက ပြောပါတယ်။

“ ကစားသမားတွေနဲ့ မန်နေဂျာအတွက် ခက်ခဲတဲ့ ရာသီအစကို ရုန်းကန်နေရတာဖြစ်တယ်။ မော်ရင်ညိုက ဝေဖန်မှုတွေကို ရရှိနေပေမယ့် ကစားသမားတွေကလည်း တာဝန်ယူရမှာပါ။ သူတို့ ပိုကောင်းကောင်း ကစားလာနိုင်ရမှာဖြစ်တယ်။ ”

” မန်နေဂျာက အများကြီး လုပ်နိုင်ပါသေးတယ်။ ဒါပေမယ့်လည်း ကစားကွင်းထဲမှာ အသင်းသားတွေကပဲ စွမ်းဆောင်ရည်ကောင်းတွေ လုပ်ပြနိုင်ရမှာပါ။ ပုံစံကောင်းပျောက်ဆုံးနေမှုတွေက အားလုံးနဲ့ သက်ဆိုင်ပေမယ့် မော်ရင်ညိုကိုပဲ အလွယ်တကူ ပြစ်မှတ်ထားနေကြတယ်။ အချို့ကစားသမားတွေက ပိုကောင်းလာရပါမယ်။

ဗန်ဟားလက်ထက်မှာလည်း တူညီတာတွေဖြစ်ပွားခဲ့ပါတယ်။ သူက ဝေဖန်မှုတွေကို ရရှိခဲ့တယ်။ ဒါပေမယ့် အဝတ်လဲခန်းမှာ အသင်းဖော်တွေကို ‘ ငါတို့ ပိုလုပ်နိုင်ရမယ် ‘ လို့ ကျနော် ပြောခဲ့တယ်။ ဗန်ဟားဟာ ကျနော်တို့အတွက် အကောင်းဆုံး လမ်းညွှန်ခဲ့ပါတယ်။ ဒါပေမယ့် ကွင်းထဲမှာ ကျနော်တို့ ကောင်းကောင်း မလုပ်ပြနိုင်ခဲ့ကြဘူး။ ဒါကြောင့် အသင်းရဲ့နောက်ကွယ်မှာ လူတိုင်းက ကျနော်ပြောခဲ့သလို ပြောနေကြမယ် ဆိုတာ သေချာပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်တယ်။

အမေရိကန်လိဂ် ပြိုင်ပွဲဝင် ဒီစီယူနိုက်တက်ကလပ်မှာ ကစားနေတဲ့ ရွန်းနီဟာ ရေမြေ ခြားနေပေမယ့် ယူနိုက်တက်နဲ့ ပက်သက်ပြီး သူ့ရဲ့သဘောထားတွေ၊ အမြင်တွေနဲ့ ဆန္ဒတွေကို မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိသူဖြစ်တယ်။ မေဂျာလိဂ်ကလပ်ရဲ့ အဓိက ကစားသမား အဖြစ် ခြေစွမ်းပြနေတဲ့ ရွန်းနီဟာ ကလပ်အသင်းကို အဆင့်ရပ်တည်မှု ထိပ်ပိုင်းရောက်အောင် သွင်းဂိုးတွေနဲ့ ဆွဲတင်ပေးနေသူဖြစ်ပါတယ်။

ရွန်းနီမပါချိန်က နိုင်ပွဲရယူဖို့ ခက်ခဲနေတဲ့ ဒီစီယူနိုက်တက်ဟာ သူပါပြီးနောက်ပိုင်းမှာ နိုင်ပွဲတွေ ဆက်တိုက်ရလာခဲ့ပြီး လိဂ်ရဲ့ သွင်းဂိုးအများဆုံး သွင်းယူနိုင်တဲ့ အသင်းအဖြစ်လည်း ပုံစံကောင်းတွေ ပြသနေပြီဖြစ်ပါတယ်။