အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက ကစားသမားတွေအနေနဲ့ ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုရဖို့နဲ့ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့အတွက်ဆိုရင် တည်ငြိမ်တဲ့စွမ်းဆောင်ရည်ကောင်းကို ပြသဖို့လိုအပ်တယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ကာလရှည် ဒူးဒဏ်ရာ ရနေတဲ့ အသက် ၂၃ နှစ်အရွယ် ဗဟိုခံစစ်မှူး ရော့ဘ် ဟိုးဒင်းကို စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းရန် ပြင်ဆင်နေပါတယ်။ ဒီဇင်ဘာလတည်းက ဒဏ်ရာရသွားတဲ့ ဟိုးဒင်းက စက်တင်ဘာလမတိုင်ခင် ပြန်လာနိုင်ဖွယ် မရှိသေးပါဘူး။

အာဆင်ဝင်းဂါးဟာ ပီအက်ဂျီအသင်းရဲ့ အားကစားဒါရိုက်တာ ရာထူးကို တာဝန်ယူသွားမှာ မဟုတ်ပါဘူးလို့ ကလပ်အသင်း ဥက္ကဌက ထုတ်ဖော်ပြောဆိုပါတယ်။ ပီအက်ဂျီဟာ လက်ရှိ အားကစားဒါရိုက်တာ Antero Henrique နဲ့ တွဲဘက်လုပ်ရတာကို အဆင်ပြေတယ်လို့ သူက ပြောပါတယ်။

အမ်မရီက အတည်မပြုသေးပေမယ့် ဆောက်သမ်တန်နဲ့ ရင်ဆိုင်မယ့် အာဆင်နယ်အသင်းမှာ အသင်းခေါင်းဆောင် ကိုစီရယ်နီ ပါဝင်ဖွယ် မရှိပါဘူး။ ပရိသတ်များကတော့ ကိုစီရယ်နီ မပါဝင်တဲ့ အာဆင်နယ် ခံစစ်အတွက် စိုးရိမ်နေကြပါတယ်။

ရိုးမားဟာ အာဆင်နယ်သို့ ထွက်ခွာတော့မယ့် ၄င်းတို့ အားကစား ဒါရိုက်တာ မွန်ချီ နေရာ အစားထိုးဖို့ ရှာဖွေနေပြီ ဖြစ်ပါတယ်။ မွန်ချီသာ အာဆင်သို့ ရောက်လာခဲ့ရင် လာမယ့်နွေမှာ ရမယ့် ကစားသမား ၀ယ်ယူဖို့ ဘတ်ဂျက် ပေါင် ၄၅ သန်းနဲ့ အခြားသော ကစားသမား ရောင်းချမှုများမှ ရရှိငွေနဲ့သာ စီမံခန့်ခွဲရဖို့ ရှိပါတယ်။

လက်ရှိ စပါးတိုက်စစ်မှူး ကိန်းက ငယ်ရွယ်စဉ် အသက် ၈ နှစ်အရွယ်တုန်းက အာဆင်နယ်အသင်းဆီ ရောက်ရှိခဲ့ဖူးပြီး ထိုစဉ်က ၀နေတဲ့ ကိန်းကို အာဆင်နယ်က သိပ်မကြာခင်ပဲ ပြန်လွှတ်ခဲ့ပါတယ်။ ထိုအဖြစ်အပျက်က တွန်းအားတစ်ခု အဖြစ် ဖြစ်စေခဲ့ကြောင်း ကိန်းက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။