လာမယ့် တနင်္ဂနွေနေ့ လီဗာပူးအိမ်ကွင်း အန်းဖီးလ်မှာ အက်ဖ်အေ လူငယ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို လက်ခံကျင်းပမှာ ဖြစ်ပါတယ်။ ထိုပွဲစဉ်မှာ လီဗာပူး U18 အသင်းနဲ့ ၀က်ဖို့ဒ် လူငယ်အသင်းတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး လီဗာပူးလူငယ်တွေကို အန်းဖီးလ်မှာ မြင်ကြရမှာပါ။

ချယ်ဆီးအသင်းဟာ နောက်ရာသီ ချန်ပီယံလိဂ် ၀င်ခွင့်အတွက် အမှတ်ပေးဇယား အဆင့် ၄ အတွင်း ၀င်နိုင်မှာ ဖြစ်ကြောင်း နည်းပြ ဆာရီက ယုံကြည်မှု အပြည့် ရှိနေပါတယ်။ ဒါ့အပြင် အသင်းက ခြေစွမ်းတည်ငြိမ်မှု ပြန် ရနေပြီ ဖြစ်ပြီး ဆက် ထိန်းထားဖို့တော့ လိုအပ်ကြောင်း ၄င်းက ဆိုပါတယ်။

ယူနိုက်တက် ကွင်းလယ်ကစားသမား မာတာက ၄င်းရဲ့ ဒဏ်ရာက သက်သာကောင်းမွန်လာမှုက အခြေအနေကောင်းနေကြောင်း ပြောကြားလိုက်ပါတယ်။ မာတာဟာ သောကြာနေ့က အပေါ့စားလေ့ကျင့်ခန်းများ စတင်ပြုလုပ်နေပြီ ဖြစ်ကာ စနေနေ ၀ုဗ်နဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ပါဝင်ကစားနိုင်မလားကတော့ အတိအကျ မသေချာသေးပါဘူး။

လီဗာပူး ကွင်းလယ်ကစားသမား ချိန်ဘာလိန်ဟာ ဒူးဒဏ်ရာက ပြန်သက်သာလာပြီးနောက် ပြီးခဲ့တဲ့သောကြာနေ့က လီဗာပူး U23 ပွဲ မှာ မိနစ် ၄၀ ခန့် ၀င်ကစားခဲ့ပါတယ်။ ချိန်ဘာလိန် အနည်းငယ် နာကျင်ဟန် ပြတာကြောင့် ထိုပွဲမှာ မျှော်မှန်းထားတာထက် စောပြီး လူစားလဲခဲ့သော်လည်း ဒူးကို ပြန်ထိသွားတာ မဟုတ်လို့ ကလော့ပ်က စိတ်အေးရကြောင်းနဲ့ ချိန်ဘာလိန် ပြန်ကစားခွင့်ပေးဖို့ အချိန်ယူသင့်ကြောင်း မှတ်ချက် ပြုခဲ့ပါတယ်။

မန်စီးတီးကွင်းလယ်ကစားသမား ဂွမ်ဒိုဂန်က ၄င်းရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး အသင်းဆက် ဆက်နေ မနေ မဆုံးဖြတ်ရသေးကြောင်း ၀န်ခံစကား ဆိုလိုက်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ကွင်းလယ်သမားရဲ့ လက်ရှိ စာချုပ်က ၂၀၂၀ မှာ ကုန်ဆုံးမှာပါ။

ချယ်ဆီးနည်းပြ ဆာရီက ၀ုဗ်ကို သရေကျတဲ့ပွဲမှာ ဟာဇက်က ချေပဂိုး သွင်းပေးခဲ့သော်လည်း အခြား ချယ်ဆီး ကစားသမားများ နည်းတူ ဟာဇက်ရဲ့ ရွေ့လျားမှုများ နှေးကွေးခဲ့ကြောင်း ထောက်ပြပြောဆိုသွားပါတယ်။ ဟာဇက်ဟာ ဘောလုံး မပါဘဲ ရွေ့လျားမှုတွေလည်း လုပ်ဖို့ ပို လိုတယ်လို့ ၄င်းက ဆိုပါတယ်။

ဇန်န၀ါရီလထဲက အက်ဖ်အေဖလား ပွဲမှာ ယူနိုက်တက် တောင်ပံတိုက်စစ်မှူး လင်ဂတ်ရဲ့ ဂိုးသွင်းပြီး အောင်ပွဲခံပုံနဲ့ အင်စတာဂရမ်က တဆင့် အမ်းမရိတ်ကို ကပွဲခန်းမ အဖြစ် အမည်တပ်ခဲ့တဲ့ လုပ်ရပ်တွေက အာဆင်နယ် အသင်းသားတွေ အတွက် ယူနိုက်တက်ကို အနိုင် ယူဖြစ်အောင် ယူဖို့ တွန်းအား ဖြစ်စေခဲ့ကြောင်း ဂိုးသမား လီနိုက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

စပါးအသင်းဟာ ဗီလာရီးရဲလ်မှ ကွင်းလယ်ကစားသမား Pablo Fornals ကို စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ သိရပြီး စပါးအပြင် အာဆင်နယ်လည်း လှုပ်ရှားနေတယ်လို့ စပိန်သတင်းများမှာ ဖော်ပြလာပါတယ်။

အခြားသော ကစားသမားတွေက ဘောလုံးမပါဘဲ ရွေလျားမှုတွေ မလုပ်ရင် တချက်ထိ ပေးချက်ကောင်းတွေ လုပ်တတ်တဲ့ ဂျော်ဂျင်ဟို ဒုက္ခများရတယ်လို့ ဆာရီက ပရိသတ်တွေ ဝေဖန်ခြင်း ခံနေရတဲ့ တပည့် ဖြစ်သူကို ကာကွယ် ပြောဆိုသွားပါတယ်။

ဒဏ်ရာကနေ ပြန်လာပြီးနောက် ယူနိုက်တက်နဲ့ ပွဲမှာ ပါဝင်ကစားသွားတဲ့ မစ်လန်းနေးစ်က အာဆင်နယ်ရဲ့ အောင်ပွဲကို ကြီးမားတဲ့ ရလဒ်အဖြစ် ညွှန်းဆိုသွားပြီး အာဆင်နယ်ရဲ့ အိမ်ကွင်းပုံစံကောင်းက ပြိုင်ဘက်တွေကို ကြောက်ရွံ့စေလိမ့်မယ်လို့ ၄င်းက ယုံကြည်နေပါတယ်။

ဝက်ဖို့ဒ်ကို နိုင်တဲ့ပွဲမှာ အသင်းအတွက် ဟက်ထရစ်ဂိုး သွင်းပေးခဲ့တဲ့ မန်စီးတီး တိုက်စစ်သမား စတားလင်း တစ်ယောက် ကလပ်အသင်းမှာ ဒိထက် တိုးတက်လာနိုင်တာတွေ ရှိသေးကြောင်း ဂွာဒီယိုလာက ယုံကြည်နေပါတယ်။ စတားလင်းဟာ ဒီရာသီပြိုင်ပွဲစုံ အိမ်ကွင်း သွင်းဂိုး ၂၂ ဂိုး မှာ ပါဝင်ပတ်သတ် ထားပြီး ဖြစ်ကာ ပရီးမီးယားလိဂ် ကစားသမားတွေထဲမှာတော့ အများဆုံး အရေအတွက် ဖြစ်ပါတယ်။

မန်စီးတီးဟာ ရှော်လ်ကေးနဲ့ ဒုတိယအကျော့ မကစားခင်မှာပဲ ချန်ပီယံလိဂ် နောက်တစ်ဆင့် တက်ဖို့ ရေပန်းစားနေတာနဲ့ ပတ်သတ်ပြီး ဂွာဒီယိုလာက ရှုံးထွက်အဆင့်မှာ အံ့အားသင့်ဖွယ် အပြောင်းအလဲတွေ ဖြစ်သွားတတ်တာ အတွက် သတိပေးစကား ဆိုလိုက်ပါတယ်။

ဂိုးသမား ဒီဂီယာရဲ့ ပုံစံ ဒီတလောမှာ ယိမ်းယိုင်မှုတွေ ရှိသော်လည်း မန်ချက်စတာယူနိုက်တက်ကတော့ ဒေးဗစ်ဒီဂီယာကို အသင်းရဲ့ လုပ်ခလစာ အမြင့်ဆုံး ကစားသမားအဖြစ် ချီးမြှောက်ဖို့ စီစဉ်မှု ပယ်ဖျက်သွားဦးမှာ မဟုတ်ပါဘူး။ အသင်းဘက်က ဒီဂီယာရဲ့ စာချုပ်သစ်ကိစ္စကို လာမယ့်နွေမှာ ဖြေရှင်းပြီးဖို့ ပစ်မှတ်ထားနေပါတယ်။

ယူနိုက်တက်နဲ့ပွဲက ပင်နယ်တီနဲ့ပတ်သတ်ပြီး အူဘာမီးယန်က – “ကျနော့်မှာ ယုံကြည်မှု ရှိနေခဲ့တယ်။ ကျနော့် အသင်းဖော်တွေကလည်း ယုံကြည်မှု ထားတယ်။ လာကာက အဲဒီ ပင်နယ်တီ ကျနော့်ကို ပေးကန်ခဲ့တာ.. ဒါက သိပ်ကို လန်းပါတယ်။ ကျနော်လည်း တကယ် အာရုံစိုက်ပြီး ကြိုးစားခဲ့တယ်။” လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်နည်းပြဟောင်း လူးဝစ်ဗန်ဟားက နှစ် ၃၀ နီးပါး နည်းပြအဖြစ် ကျင်လည်ခဲ့ပြီးနောက် ဘောလုံးလောကမှ အနားယူပြီ ဖြစ်ကြောင်း ကြေငြာသွားပါတယ်။ အသက် ၆၇ နှစ်အရွယ် ဟော်လန်သားကြီးဟာ နည်းပြဘ၀မှာ ဘာစီလိုနာကို ၂ကြိမ်၊ အေဂျက်၊ ယူနိုက်တက် စတဲ့ နာမည်ကြီး ဘောလုံးကလပ်များကို တာဝန်ယူခဲ့သူပါ။

စပါးအသင်းဟာ ဘာစီလိုနာမှာ သွားရောက်ပြီး ၃ ရက် စခန်းသွင်းလေ့ကျင့်မှု စတင်ပြုလုပ်နေပါပြီ။ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲ ရှုံးထားတဲ့ မှတ်တမ်းဆိုးကို ပယ်ဖျက်ပြီး အကောင်းဆုံး ပြန်လည် စတင်ကြဖို့ စပါးအသင်းသားတွေက ပစ်မှတ်ထားနေပါတယ်။