မန်ချက်စတာယူနိုက်တက် နောက်ခံလူ အန်တိုနီယို ဗလန်စီယာဟာ ကလပ်နဲ့ သက်တမ်းကုန်တဲ့အချိန် နွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကို သေချာပေါက်စွန့်ခွာမှာဖြစ်ကြောင်း သူ့ရဲ့ဖခင်က ဆိုပါတယ်။ ဖခင်ဖြစ်သူ လူးဝစ်ဗလန်စီယာက အသက် ၃၃ နှစ်အရွယ် ဝါရင့်ကစားသမားဟာ အာဆင်နယ်ထံရောက်ဖို့ အလားအလာတွေရှိပြီး ပရီးမီးယားလိဂ်မှာပဲ ဆက်ရှိနေနိုင်ပါတယ်လို့ ပြောပါတယ်။

” သူက သေချာပေါက်က မန်ချက်စတာယူနိုက်တက်မှာ ရှိတော့မှာ မဟုတ်ပါဘူး။ သူက အပြောင်းအလဲ လုပ်ချင်နေပြီး ကလပ်ကလဲ သူ့ကို သက်တမ်းတိုးဖို့ လုပ်မှာမဟုတ်ပါဘူး။ အရာရာတိုင်းမှာ အဆုံးသတ်ရှိတယ် မဟုတ်လား။ အာဆင်နယ်၊ ဝက်စ်ဟမ်း၊ အင်တာမီလန်နဲ့ တရုတ်ကလပ်တစ်ခုက ရွေးချယ်စရာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဘောလုံးလောကမှာ အရာရာတိုင်းက ပြောင်းလဲနေတာပါပဲ ” လို့ ဗလန်စီယာရဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။

ကလပ်နဲ့ ၁၀ နှစ် လက်တွဲခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ဟာ ဗလန်စီယာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ စွန့်ခွာစေဖို့ အလိုရှိနေပုံပါပဲ။ သရဲနီတွေအနေနဲ့ လက်ရှိစာချုပ်မှာ တစ်နှစ်သက်တမ်းတိုးလို့ ရနိုင်ပါတယ်။ ဒါပေမယ့် နောက်ဆုံးအချိန်က ကျော်လွန်ခဲ့ပါပြီ။

ကလပ်ရဲ့ အသင်းခေါင်းဆောင် အဖြစ်ကိုတော့ ဗလန်စီယာ နေရာမှာ ပေါလ်ပေါ့ဘာနဲ့ အစားထိုးသွားမှာပါ။ ဆိုးရှားကတော့ သူဟာ ဗလန်စီယာ ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ သေချာမသိဘူးလို့ ပြောခဲ့ပါတယ်။

” လက်ရှိအချိန်မှာ ယူနိုက်တက်နဲ့ ဗလန်စီယာတို့ နောက်စာချုပ်အတွက် သဘောတူညီမှု ရမလားဆိုတာ ကျနော် မသေချာပါဘူး။ သူက ၁၀၀% ကြံ့ခိုင်မှုရှိမနေဘူး။ သူက ယူနိုက်တက်နဲ့ အင်္ဂလန်မှာ ထူးခြားတဲ့ ကစားသမားဘဝ ရှိခဲ့တာပါ။ သူဟာ အဝတ်လဲခန်းထဲမှာ ကျန်ရှိနေတဲ့ ပရီးမီးယားလိဂ် ဖလားပိုင်ရှင်တွေထဲက တစ်ယောက်သော စီနီယာကစားသမား ဖြစ်ပါတယ်။

နောက်လအနည်းငယ်မှာ ကွင်းထဲကို သူရောက်လာနိုင်မလားဆိုတဲ့အပေါ် မူတည်ပါတယ်။ သူက အသင်းခေါင်းဆောင် ဖြစ်ပြီး ကလပ်မှာ ကြီးကျယ်တဲ့ အမှုထမ်းဖြစ်ပါတယ်။ ဒါကြောင့် သူဘာလုပ်နိုင်တယ်ဆိုတာ ကွင်းထဲမှာ ပြသဖို့ မျှော်လင့်ပါတယ် ” လို့ ဆိုးရှားက ပြောပါတယ်။

ဝါရင့်ကစားသမားဟာ ရာသီမကုန်ခင် ကြံ့ခိုင်မှု ပြန်ပြည့်ဝလာဖို့ ကြိုးကြိုးစားစား လုပ်နေခဲ့ပါတယ်။ ဗလန်စီယာဟာ ယူနိုက်တက်အတွက် အဓိက ကစားသမားဖြစ်ခဲ့တာပါ။ ဒါပေမယ့် ဆိုးဝါးတဲ့ပုံစံနဲ့ ဒဏ်ရာတွေကြောင့် တရာသီလုံး ၈ ပွဲသာ ကစားခဲ့ရပြီး ၂၀၁၉ မှာ တစ်ပွဲသာ ရှိပါသေးတယ်။ ဆိုးရှားက ညာနောက်တန်းမှာ အက်ရှ်လေယန်းကို ရွေးချယ်ခဲ့ပြီး အသက် ၁၉ နှစ်အရွယ် ဒါးလော့လဲ ကစားခွင့်ရချိန်မှာ အထင်ကြီးစရာ လုပ်ပြနိုင်ခဲ့တာပါ။

ဗလန်စီယာဟာ ၂၀၀၉ မှာ ကလပ်ကို ရောက်ရှိလာကတည်းက ကောင်းမွန်တဲ့ ခေါ်ယူမှုဖြစ်ခဲ့ပါတယ်။ ခံစစ်ကို မရောက်ခင် သူဟာ တောင်ပံတစ်ယောက် အနေနဲ့ ကစားခဲ့ပြီး ပရီးမီးယားလိဂ် ၂ ကြိမ်၊ အက်ဖ်အေ၊ လိဂ်ဖလားနဲ့ ယူရိုပါလိဂ်တို့ကိုလဲ ရရှိခဲ့ပါတယ်။

ဒါပေမယ့်လဲ ကလပ်မှာ သူ့ရဲ့ကာလရှည် ကစားသမားဘဟဟာ အဆုံးသတ်ဖို့ နီးလာပြီး သူထွက်ခွာခဲ့ရင် အနည်းငယ် အံ့သြစရာ ဖြစ်လာမှာပါ။ သူဟာ အတွေ့အကြုံရှိ ခံစစ်ကစားသမား ဖြစ်နေဆဲဖြစ်သလို တခြားကလပ်တွေကနေ စိတ်ဝင်စားမှုတွေ ရရှိနေဆဲဖြစ်ပါတယ်။