ချယ်ဆီးအသင်းရဲ့ ဒိန်းမတ်လက်ရွေးစင် နောက်တန်းကစားသမား ခရစ္စတန်ဆန်က ပွဲကစားချိန် မရရှိလျှင် စတန်းဖို့ဘရစ်ခ်ျကနေ ထွက်ခွာခွင့်အတွက် တွန်းအားပေးရတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆာရီရောက်လာပြီးနောက် ခရစ္စတန်ဆန်က ချယ်ဆီးအတွ့် ၃ ပွဲ ကစားထားရပြီး ပရီးမီးယားလိဂ်ပွဲ မကစားရသေးပါဘူး။

ချယ်ဆီးနဲ့ အင်္ဂလန်ကွင်းလယ်ကစားသမား ဘာကလေကတော့ ချယ်ဆီးအသင်းသားတွေရဲ့ စံပြကစားသမားဖြစ်တဲ့ ဟာဇက်တစ်ယောက် ချယ်ဆီးနဲ့အတူ ဆက်ရှိနေဖို့ မျှော်လင့်ကြောင်း ပြောဆိုထားပါတယ်။

ချယ်ဆီးဘယ်နောက်ခံလူ မားကို့စ်အလွန်ဆိုက မကြာခင်ပဲ ၄င်းနဲ့ချယ်ဆီးအသင်း စာချုပ်သစ် ချုပ်ဆိုတော့မှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ အလွန်ဆိုရဲ့ လက်ရှိစာချုပ်က ၂၀၂၁ မှာ ကုန်ဆုံးမှာပါ။ ချယ်ဆီးအသင်းဘက်က အလွန်ဆိုကို စာချုပ်သစ်အတွက် ကမ်းလှမ်းပြီးပြီလို့ စပိန် AS သတင်းစာမှာ ဖော်ပြပါရှိပါတယ်။

ရိုးမားတောင်ပံကစားသမား Cengiz ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ လန်ဒန်အခြေစိုက် ပရီးမီးယားလိဂ်ကလပ်တွေ ဖြစ်တဲ့ စပါးနဲ့ အာဆင်နယ်အသင်းတို့ ပါဝင်နေကြောင်း သိရပါတယ်။

ယူနိုက်တက်ကစားသမားဟောင်း မိုက်ကယ် ကားရစ်ဟာ တချိန်က အာဆင်နယ်အသင်းဆီ ရောက်လုနီးပါး ဖြစ်ခဲ့ပါတယ်။ အာဆင်ဝင်းဂါးနဲ့ ပြောဆို ဆွေးနွေးပြီးခါမှ ခြေစွမ်းပြလာတဲ့ ၁၇ နှစ်သား ဖာဘရီဂတ်စ်ကြောင့် ၄င်းကို မလိုအပ်တော့ကြောင်းပြောပြီး အာဆင်နယ်ဘက်က ကမ်းလှမ်းမှု ရုပ်သိမ်းသွားခဲ့ကြောင်း ဖွင့်ဟ ပြောပြခဲ့ပါတယ်။

ရီးရဲမက်ဒရစ် ကွင်းလယ်ကစားသမား တိုနီခရူစ်ရဲ့ ဝေဖန်ခြင်းခံထားရတဲ့ မန်စီးတီးတောင်ပံလူ ဆာနေးဟာ မည့်သည်ဝေဖန်မှုကိုမဆို လေးစားမှာဖြစ်ပြီး တုန့်ပြန်မှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဆာနေးကတော့ အခြားသူတွေရဲ့ မတူညီတဲ့ ထင်မြင်ချက်တွေကို တုန့်ပြန်နေမယ့်အစား အနိုင်ရဖို့ပဲ ပိုကြိုးစားပါမယ်လို့ ပြောဆိုလိုက်တာပါ။

ရီးရဲမက်ဒရစ်ဟာ ချဲလ်ဆီးအသင်းတောင်ပံသမား ဟာဇက်ကို အလိုရှိပေမယ့် မန်စီးတီးမှ စတာလင်ကိုလည်း ကစားသမားအဝယ်စာရင်းထဲ ပယ်ထုတ်မထားပါဘူး။ ဒါ့အပြင် မန်စီးတီးမှာ တိုးတက်လာနေတဲ့ စတာလင်ကို စောင့်ကြည့်မှုတောင် ပိုမိုအရှိန်မြင့်သွားမယ်လို့ အင်္ဂလန်သတင်းဌာနတွေက ဖော်ပြပါတယ်။

ပြင်သစ်နည်းပြ ဒပ်ချမ့်စ်က မန်စီးတီးဘယ်နောက်ခံလူ မန်ဒီကို ရုပ်ပိုင်းဆိုင်ရာမှာ ပိုမိုဂရုစိုက်ဖို့ သတိပေးလိုက်ပါတယ်။ အထူးသဖြင့် ဒူးဒဏ်ရာကြီးကနေ ပြန်သက်သာလာပြီး ပါဝင်ကစားတဲ့ လီဗာပူးပွဲမှာ တစ်ဦးချင်း ထိပ်တိုက်တွေ့မှုတွေ ပြုလုပ်ခဲ့လို့ ကလပ်အသင်းနဲ့အတူ အမြင့်ဆုံးကြံ့ခိုင်မှုတွေအတွက် ဂရုစိုက်ဖို့ လိုအပ်တယ်လို့ ဒပ်ချမ့်စ်က မှတ်ချက်ပေးလိုက်တာပါ။

နယူးကာဆယ်နဲ့ပွဲမှာ သွင်းဂိုးရယူနိုင်တဲ့ မာရှယ်ဟာ ပရီးမီးယားလိဂ်သွင်းဂိုး 25 ဂိုးမြောက်ကို သွင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် 2015 ခုနှစ် အပြောင်းအရွှေ့ စာချုပ်ပါ အချက်အလက်အရ ယူနိုက်တက်ဟာ မိုနာကိုကို ယူရို 10 သန်း (ပေါင် 8.7) တန်းကြေးရှိတဲ့ ထပ်ထိုးကြေး ပေးဆောင်ရပြီဖြစ်ပါတယ်။

ယူနိုက်တက်ကစားသမား ပေါ့ဘာဟာ ကမ္ဘာဖလားချန်ပီယံ ပြင်သစ်အသင်းသားအားလုံးကို စိန်လက်စွပ် ဝယ်ပေးခဲ့ပါတယ်။ အမေရိကန် NBA ပရိသတ်ဖြစ်တဲ့ ပေါ့ဘာဟာ NBA ထုံးစံအတိုင်း အဓိက ဆုဖလားအနိုင်ရတဲ့ အသင်းသားတွေကို ဂုဏ်ပြုတာဖြစ်ပြီး လက်စွပ်ဟာ ပေါင် 2 သောင်းမှ ပေါင် 5 သန်းထိ တန်ကြေးရှိပါတယ်။

ယူနိုက်တက် လက်ထောက်နည်းပြဟောင်း Rui Faria ဟာ ချန်ပီယံရှစ်ကလပ် အက်စတွန်ဗီလာအသင်းရဲ့ မန်နေဂျာရာထူးကို ငြင်းပယ်လိုက်ပါတယ်။ စတိဘရုစ်နေရာ အစားထိုးမယ့် အဆိုပါရာထူးကိုတော့ Rui Faria မတိုင်ခင် အွန်နရီကလည်း ပယ်ချထားပါတယ်။

တော်တင်ဟမ်အသင်းရဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက ထွက်ပေါ်လာတဲ့ သတင်းအရ အသင်းဟာ ဒီဇင်ဘာလ 15 ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမယ့် ဘန်လေပွဲအမှီ ကွင်းသစ်ကို အပြီးသတ်နိုင်ဖို့ အားထုတ်နေတယ်လို့ သိရပါတယ်။ ဒီရာသီစကတည်းက ကွင်းဖွင့်နိုင်ဖို့ စီစဉ်ခဲ့ပေမယ့် ဆောက်လုပ်ရေးပိုင်း နှောင့်နှေးမှုတွေကြောင့် ဒီဇင်ဘာလထိ နောက်ဆုတ်နေရတာဖြစ်ပါတယ်။

တော်တင်ဟမ်အသင်းနဲ့ စာချုပ်သစ်ကိစ္စ ကြန့်ကြာနေမှုနဲ့ ပက်သက်ပြီး အန်ဒါဝီရယ် ” ရိုးရိုးသားသား ပြောရမယ်ဆိုရင် ဒီအချိန်မှာ စာချုပ်သစ်ကိစ္စ မစဉ်းစားသေးပါဘူး။ အသင်းနဲ့ ပျော်ပျော်ရွှင်ရွှင် ကစားနေပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့ ” လို့ပဲ တုန့်ပြန် ဖြေကြားခဲ့ပါတယ်။

အေးဂျက်အသင်းခံစစ်သမား ဒီလစ်ဂ်ျက တော်တင်ဟမ်ခံစစ်သမား ဆန်းချက်စ်ဟာ ကစားကွင်းပြင်ပမှာ ရှက်တတ်ပေမယ့် ကွင်းထဲမှာတော့ သားရိုင်းတစ်ယောက်လို ကစားနိုင်သူလို့ ချီးကျူးလိုက်ပါတယ်။ ဒီလစ်ဂ်ျနဲ့ ဆန်းချက်စ်တို့ဟာ အေးဂျက်မှာ တစ်ရာသီ တွဲဘက်ကစားခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့ကမှ မိုနာကို အဆင်းကနေ လီဗာပူးအသင်းဆီ ရောက်ရှိခဲ့တဲ့ ကွင်းလယ်ကစားသမား ဖာဘင်ဟိုက အင်္ဂလိပ် ဘောလုံးပုံစံကို အသားကျဖို့ သင်ယူနေဆဲဖြစ်ပြီး အခြေအနေကောင်းကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဖာဘင်ဟိုက ဒီရာသီ လီဗာပူးအတွက် ၃ပွဲသာ ကစားခွင့် ရသေးပြီး ပရီးမီးယားလိဂ်ပွဲတွေမှာ တစ်မိနစ်မှ မကစားရသေးပါဘူး။

လတ်တလောမှာ ဂိုးသွင်းခြေတွေ ပျောက်ဆုံးနေပေမယ့် တိုက်စစ်မှူး မိုဆာလက်က အရင်လို ဂိုးတွေ အများကြီး ပြန်သွင်းနိုင်မယ်လို့ လီဗာပူး တိုက်စစ်မှူးဟောင်း ရော်ဘီဖော်လာက ယုံကြည်နေပါတယ်။

ပြီးခဲ့တဲ့နွေက ဇီဒန်း ထွက်ခွာအပြီးမှာ ရီးရဲလ်မက်ဒရစ်ရဲ့ နံပါတ်တစ် ပစ်မှတ်က လီဗာပူး အသင်းမန်နေဂျာ ယာဂင်ကလော့ပ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကလော့ပ်ဟာ လီဗာပူးအသင်းနဲ့အတူ ၂၀၂၀ထိ ရှိနေမယ့် စာချုပ် ချုပ်ဆိုထားသူပါ။