ဂျူဗင်တပ်ဟာ အသက် ၃၀ အရွယ် ယူနိုက်တက် တိုက်စစ်မှူး ဆန်းချက်ကို ကမ်းလှမ်းမှု ပြုလုပ်ရန် ပြင်ဆင်နေပြီး ချီလီသား တိုက်စစ်မှူး အနေနဲ့ အသင်းပြောင်းရွှေ့ဖို့ ၄င်းလစာ လျှော့ချရဖွယ် ရှိပါတယ်။

ရီးရဲလ်မက်ဒရစ်က မန်ယူ ဂိုးသမား ဒီဂီယာကို ၄င်းတို့ နွေရာသီ ၀ယ်ယူမယ့် ကစားသမား စာရင်းထဲ ထည့်သွင်းလိုက်ပြီ လို့ သိရပါတယ်။ ဒီဂီယာနဲ့ မန်ယူရဲ့ လက်ရှိ စာချုပ်က ၂၀၂၀ မှာ ကုန်ဆုံးမှာ ဖြစ်ပြီး အခုထိ သက်တမ်းတိုး စာချုပ်ကိစ္စ ဆွေးနွေးမှု မအောင်မြင်သေးပါဘူး။

ရာသီအကုန်မှာ စာချုပ်ကုန်ဆုံးလို့ မန်ယူက ထွက်ခွာတော့မယ့် ညာခြမ်း ခံစစ်မှူး ဗလင်စီယာကို အာဆင်နယ်၊ ၀က်စ်ဟမ်းနဲ့ အင်တာမီလန်အသင်းတို့က ခေါ်ယူလိုနေပါတယ်။ အသက် ၃၃ နှစ်အရွယ် အီကွေဒေါသားအတွက် အပြောင်းအရွှေ့ကို ၄င်း ဖခင်က အေးဂျင့်အဖြစ် ဆောင်ရွက်နေတာပါ။

မန်ယူက ကာလရှည် ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ဗဟိုခံစစ်မှူး တစ်ဦးဖြစ်သူ ပြင်သစ်သား ဗာရိန်းဟာ မက်ဒရစ်အခြေစိုက် ကလပ်ကနေ ထွက်ခွာလိုကြောင်း စပိန်သတင်းတွေက ဖော်ပြလာကြပါတယ်။ ဗာရိန်းရဲ့ အကြောင်းပြချက်ကတော့ ကိုယ်ဘာသာ စိန်ခေါ်မှုတွေ ပြုလုပ်လိုခြင်းပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဆိုးရှားကို ယခုထိ အမြဲတမ်း မန်နေဂျာ အဖြစ် ခန့်အပ်ကြောင်း မကြေငြာသေးတာက ပိုချက်တီနိုဟာ ယူနိုက်တက်ရဲ့ စဉ်းစားဆဲ မန်နေဂျာ အဖြစ် ဆက်ရှိနေသေးလို့ ဖြစ်နိုင်ကြောင်း ဂျင်မီရက်နက်က သုံးသပ်သွားပါတယ်။

ဘာစီလိုနာ တိုက်စစ်မှူး လူးဝစ်ဆွာရက်စ်ဟာ ခြေကျင်းဝတ် ဒဏ်ရာ ရသွားခဲ့ပေမယ့် ၁၅ ရက်ခန့်သာ အနားယူရမှာ ဖြစ်လို့ မန်ယူနဲ့ ဧပြီ ၁၀ ရက် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်ကို ပါဝင်နိုင်တော့မှာပါ။

မန်ယူ ကွင်းလယ်ကစားသမား မာတစ်က လက်ရှိ လေးလံနှေးကွေးနေတဲ့ ပုံစံတွေကို ပြောင်းလဲ ပစ်ပြီး ဆိုးရှားကို အမြဲတမ်း မန်နေဂျာ ရာထူးခန့်အပ်ခံရအောင် ကြိုးစားကြဖို့ အသင်းဖော်တွေကို တိုက်တွန်းသွားပါတယ်။

မန်ယူ တိုက်စစ်သမား မာရှယ်ဟာ ဒူးဒဏ်ရာ အကြောင်းပြချက်နဲ့ ပြင်သစ်လူစာရင်းကနေ နုတ်ထွက်ခဲ့ပြီဖြစ်ပြီး သူ့နေရာမှာ အက်သလက်တီကို ကစားသမား လီမာက အစားထိုး ဝင်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ နောက်ထပ် မန်ယူ အသင်းသားဖြစ်သူ လင်ဒီအော့ကလည်း ဆွီဒင် လက်ရွေးစင်ရဲ့ ဆင့်ခေါ်မှုကို ငြင်းဆန်ပြီး အသင်းကနေ နုတ်ထွက်သွားပါတယ်။