မန်ချက်စတာ ယူနိုက်တက်က ရီးရဲလ် ဂိုးသမား ကော်တိုရစ်ကို ဒီဂီယာနဲ့ အလဲအထပ်လုပ်ဖို့ ကမ်းလှမ်းလိုပေမယ့် ကော်တိုရစ်က ငြင်းဆန်နေတယ်လို့ သတင်းများမှာ ဖော်ပြလာပါတယ်။

ရီးရဲလ်သို့ ပြီးခဲ့တဲ့ နွေကမှ ရောက်ရှိသွားတဲ့ ချယ်ဆီး ဂိုးသမားဟောင်း ကော်တိုရစ်က ဇီဒန်း ပြန်လာပြီးနောက် ရီးရဲလ်မှာ အနေအထား မရေမရာ ဖြစ်နေပြီး အင်္ဂလန်သို့ ပြန်ချင်ရင်တောင် အိုးထရက်ဖို့ဒ်သို့ မသွားလိုဘူးလို့ သိရပါတယ်။ ကော်တိုရစ်က ရီးရဲလ်က ထွက်ခွာရင် ပီအက်စ်ဂျီကို သွားချင်နေတယ်လို့လည်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ စာချုပ်သစ်အတွက် ဒေးဗစ် ဒီဂီယာကို အဖြူ အမည်း သဲကွဲတဲ့ အဖြေ ရှင်းလင်းဖို့ တွန်းအားပေးထားပြီ ဖြစ်ကြောင်းကိုတော့ သိရပါတယ်။ မန်ယူက လာမယ့်နွေမှာ ဒီဂီယာကို ဈေးနှိမ်ပြီး ကမ်းလှမ်းမှုတွေ ရရှိလာမှာ ရှောင်ရှားဖို့အတွက် စာချုပ်သစ် သဘောတူညီမှု အမြန် ရရှိလိုနေပါပြီ။

မန်ယူဟာ စပိန်သား ဂိုးသမား ဒီဂီယာကို ၅ နှစ် သက်တမ်းရှိ စာချုပ်သစ်အတွက် ညှိနှိုင်းမှုတွေ လုပ်နေတာ တစ်နှစ်ကျော်လာခဲ့ပြီ ဖြစ်ကာ ၄င်းရဲ့ စာချုပ် နောက်ဆုံး ၁၂ လထဲ ၀င်ရောက်လာမှာ ကလပ်အသင်းဘက်က ထိတ်လန့်လာပါပြီ။ ဒီဂီယာရဲ့ လက်ရှိ စာချုပ်က ၂၀၂၀ မှာ ကုန်ဆုံးမှာ ဖြစ်ပြီး ဥရောပ ထိပ်သီးကလပ်တွေက စိတ်ဝင်စားမှုတွေလည်း ရှိနေတာကြောင့် အရှုပ်အထွေးတွေ ဖြစ်လာမှာ မန်ယူက မလိုလားပါဘူး။

ဂျူဗင်တပ်၊ ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ် စတဲ့ အင်အားကြီး ကလပ်တွေက စပိန် နံပါတ် ၁ ဂိုးသမားကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိထားပြီး လာမယ့် နွေမှာတော့ ကမ်းလှမ်းမှုတွေက စာချုပ် ကုန်ဆုံးလု ဖြစ်နေတာကြောင့် ဒီဂီယာရဲ့ ပေါက်ဈေးထက် လျော့နည်းဖွယ် ရှိနေတာပါ။