မန်ယူတိုက်စစ်မှူး ရပ်ဖို့က သရဲနီတွေ ဒီရာသီ အဆင့်လေးဝင်ဖို့ရာ မဖြစ်နိုင်ဘူးလို့ ထင်မြင်ချက် ပေးနေကြသူတွေကို ရှင်းရှင်း လင်းလင်း တုန့်ပြန်မှု ပြုလုပ်လိုက်ပါတယ်။ ရလဒ်တွေ အဖတ်ဆယ်မရအောင် ဖြစ်လာပြီး ဒီဇင်ဘာမှာ မော်ရင်ညို ရာထူးက ထုတ်ပယ်ခံကာ ဆိုးရှားကို ခန့်အပ်တုန်းကလည်း လူတိုင်းက မန်ယူဟာ အဆင့်လေးဝင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ကြတယ်။

မန်ယူဟာ ဆိုးရှားနဲ့အတူ တိုက်စစ်အသားပေး ကစားလာခဲ့ပြီး ရလဒ်ကောင်းတွေ အဆက်မပြတ်ရလာခဲ့တယ်။ လန်ဒန်အသင်းတွေကို ဆက်တိုက်အနိုင်ရသလို၊ လီဗာပူးကို သရေကစားခဲ့တယ်။ PSG ကို အဝေးကွင်းမှာ အနိုင်ယူပြခဲ့တယ်။ ပွဲမပြီးခင်ထိ အရှူံးမပေးတဲ့ သရဲနီစိတ်ဓါတ်တွေ ပြန်ရလာခဲ့တယ်။

ဘယ်သူကမှ မန်ယူ ပြန်လာမယ်မထင်ပေမယ့် ပြန်လာခဲ့တာပဲလို့ ရပ်ဖို့ ပြောပါတယ်။ “ အရင်နှစ်လလောက်က မော်ရင်ညို လက်အောက် ကျနော်တို့ အသင်းက အဆင့်လေးဝင်ဖို့က မဖြစ်နိုင်လောက်တဲ့ အနေအထားဖြစ်ခဲ့ပါတယ်။ အခုတော့ ကျနော်တို့ အဆင့်လေးဝင်ဖို့ အာရုံစိုက်နေတဲ့ အခြေအနေကို ပြန်ရောက်လာတယ်။

အသင်းကို ဆိုးရှား ရောက်ရှိလာပြီး ကလပ်အသင်းကို ပြန်လည်တည်ဆောက်မှုက အားလုံးကို ပြောင်းလဲစေခဲ့တယ်လို့ ကျနော်် ထင်တယ်။ မန်ချက်စတာမှာ အရွယ်ရောက်လာရသူအတွက် ဒါက ကလပ်အသင်းမှာ အမြဲတမ်း ရှိနေတဲ့ ခံစားမှုပါပဲ။ အဲ့သည်ခံစားမှုတွေ ပြန်ရလာခဲ့တာက အရမ်းကို ကောင်းပါတယ်။ အသင်းအနေနဲ့ ကျနော်တို့ တိုးတက်လာပြီး ဆက်လက်လည်း တိုးတက်လာနိုင်ဆဲဖြစ်တယ်။

မန်ယူအသင်း အခုရနေတဲ့ ခံစားချက်ကို အသင်းသားအားလုံး နားလည်ထားတယ်။ ကျနော်တို့က အတူတူရှိနေရင် အသင်းတိုင်းကို အနိုင်ယူနိုင်ပါတယ်။ ဆိုးရှား အသင်းကို ရောက်လာပြီးကတည်းက လုပ်ပြခဲ့တာက အံ့မခန်းပါပဲ ” လို့ ပြောခဲ့ပါတယ်။