မန်ယူနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲမှာ ဘာစီလိုနာအသင်းခေါင်းဆောင် ပါဝင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။ အာဂျင်တီးနားနဲ့ ပွဲထွက်ကစားရင်း ဒဏ်ရာရခဲ့တဲ့ မက်ဆီဟာ နိုင်ငံအသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့ပါပြီ။

မက်ဆီရဲ့ ဒဏ်ရာဟာ ဆိုးရှားဦးဆောင်တဲ့ ပရီးမီးယားလိဂ်ကလပ်အတွက် သတင်းကောင်း ဖြစ်လာခဲ့တယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ဧပရယ်လအတွင်း ယူနိုက်တက်နဲ့ ချန်ပီယံလိဂ်မှာ ယှဉ်ပြိုင်ကစားရဖို့ ရှိနေခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းမှ အားထားရတဲ့ တိုက်စစ်မှူး ဆွာရက်စ်ဟာ မကြာသေးခင်ကတည်းက ဒဏ်ရာရနေပါတယ်။ ဘာစီလိုနာကတော့ ဆွာရက်စ်ရဲ့ ဒဏ်ရာက 10-15 ရက် အချိန်ယူရမယ် ကြေညာထားပေမယ့် ချန်ပီယံလိဂ်ပွဲအမှီ ပြန်သက်သာလာဖို့က မသေချာသေးပါဘူး။

ဘာစီလိုနာမှ ပြင်သစ်တိုက်စစ်သမား ဒမ်ဘီလီကတော့ ဒဏ်ရာကြောင့် မန်ယူနဲ့ပွဲကို သေချာပေါက် လွဲမှာဖြစ်တယ်။ မန်ယူဘက်မှာလည်း ဒဏ်ရာရထားတဲ့ ကစားသမားတွေရှိပေမယ့် မကြာခင်မှာ ပြန်ကစားနိုင်ပါမယ်။

ယူနိုက်တက်နဲ့ ဘာစီလိုနာဟာ နောက်လအတွင်း အိုထရတ်ဖိုဒ့်မှာ ပထမအကျော့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး မက်ဆီရဲ့ ဒဏ်ရာအခြေအနေက အချိန်မှီ သက်သာလာမလား စောင့်ကြည့်ရဖို့ ရှိပေမယ့် အဓိက တိုက်စစ်မှူး နှစ်ဦး မပါဝင်နိုင်ရင်တော့ ယူနိုက်တက်ဟာ အိမ်ကွင်းမှာ အခွင့်အရေးကောင်း ရဖို့ ဖြစ်လာပါလိမ့်မယ်။