ဒေါ့မွန်ဟာ မန်ယူက လိုက်လံ ချိတ်ဆက်နေတဲ့ အသက် ၁၉ နှစ်အရွယ် အင်္ဂလန်သား တောင်ပံကစားသမား ဆန်ချိုကို ရောင်းချဖို့ အစီအစဉ် မရှိကြောင်း ထပ်မံ အတည်ပြုလိုက်ပြန်ပါပြီ။

ဆိုးရှား မန်ယူ အမြဲတမ်း နည်းပြ အဖြစ် တရားဝင်ခန့်အပ်ခံရပြီးနောက် ရက်ဖို့ဒ်၊ တာဟစ်ချောင်၊ ဂိုးမက်၊ စမောလင်း၊ ဒါလော့ စတဲ့ လက်ရှိ ကစားသမားတွေ အပြင် ရွန်းနီ၊ နဗီး၊ ဘာဘာတော့ဗ် စတဲ့ ကစားသမားဟောင်းတွေကပါ တွစ်တာကနေ ၀မ်းမြောက်စကား ဆို ဂုဏ်ပြုသွားကြပါတယ်။

နွေရာသီ မန်ချက်စတာယူနိုက်တက်ရဲ့ ပစ်မှတ်ကစားသမား စာရင်းထဲမှာ ဆန်ချိုအပြင် ၀က်စ်ဟမ်းမှ အသက် ၂၀ အရွယ် ကွင်းလယ်ကစားသမား ဒီကလန်ရိုက်စ်၊ ပဲလေ့စ်မှ အသက် ၂၁ နှစ် အရွယ် ခံစစ်မှူး ၀မ် ဘစ်ဆာကာ တို့ ပါဝင်နေပါတယ်။

ဘာစီလိုနာက မန်ယူမှ အင်္ဂလန်သား တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်အတွက် ကော်တင်ညို ဒါမှမဟုတ် မယ်ကွန်ကို ပြောင်းရွှေ့ကြေး ထဲ ထည့်သွင်းကမ်းလှမ်းဖို့ ကြံရွယ်နေပါတယ်။

ပရီးမီးယားလိဂ် ကလပ်တွေက အသက် ၁၈ နှစ်အောက် လူငယ်ကစားသမားတွေကို နိုင်ငံရပ်ခြား ကလပ်အသင်းတွေဆီ ထွက်ခွာသွားမှုတွေကို ကာကွယ်ဖို့အတွက် ကာလရှည်စာချုပ်သစ် ချုပ်ဆိုမှု ခွင့်ပြုပေးဖို့ ဖီဖာကို တောင်းဆိုနေကြပါတယ်။

လက်စတာစီးတီးကတော့ မန်ချက်စတာယူနိုက်တက် ပစ်မှတ်ထားလာတဲ့ ၄င်းတို့ အင်္ဂလန်သား ခံစစ်မှူး မက်ဂွဲယားကို ရောင်းချမှာ မဟုတ်ဘူးလို့ တင်းခံနေပါတယ်။

နောက်ရာသီ ချန်ပီယံလိဂ် ၀င်ခွင့် ရရှိခြင်းက မန်ယူရဲ့ ဂိုးသမား ဒီဂီယာနဲ့ သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့အတွက် အရေးပါတဲ့ အချက် ဖြစ်လာဖွယ် ရှိပါတယ်။

မန်ယူဟာ အသင်းမှာ လစာအကြီးမြင့်ဆုံး ပေးထားရတဲ့ တိုက်စစ်သမား ဆန်းချက်ကို ရောင်းချဖို့ အစီအစဉ် မရှိသေးဘူးလို့ လန်ဒန်က သတင်းများမှာ ဖော်ပြထားပါတယ်။

ဆိုးရှား တာဝန်ယူစဉ်ကစလို့ ပရီးမီးယားလိဂ် ရမှတ်တွေကို တွက်ချက်ရင် မန်ယူက ၁၃ ပွဲ ကစား ၃၂ မှတ်ရကာ အများဆုံး အဖြစ် ရပ်တည်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ နည်းပြများ အဖြစ် The Chosen One ၊ The Special One စသဖြင့် အမျိုးမျိုး ကြုံခဲ့ပြီးနောက် အခု The Romantic One အဖြစ် ဆိုးရှားအတွက် အချိန်ကျပြီလို့ Standard သတင်းဌာနမှာ တင်စားပြောဆိုသွားပါတယ်။