ယူနိုက်တက်ဘုတ်အဖွဲ့ဟာ အသင်းမန်နေဂျာရာထူးအတွက် မော်ရင်ညိုကို ဆက်လက် ထောက်ခံပေမယ့် ဖြစ်လာနိုင်ချေ ရှိမှုတွေကို ကြိုတင်တွက်ချက်တဲ့အနေနဲ့ အစားထိုးဖို့ မန်နေဂျာ စာရင်း လျာထားပါတယ်။

ဒီတလော မော်ရင်ညိုသတင်းတွေ ကျယ်ပြန့်လာမှုကြောင့် အစားထိုး စောင့်ကြည့်စာရင်းက ခပ်များများ ထွက်ပေါ်ထားတာလည်းရှိတယ်။ ယူနိုက်တက်နဲ့ လုပ်ရှားဖို့အဖြစ်နိုင်ဆုံး မန်နေဂျာ (၅) ဦးစာရင်းကို ဖော်ပြပါမယ်။

ဇီဒန်း

မော်ရင်ညိုရဲ့နေရာကို အစားထိုးဖို့ ရေပန်းအစားဆုံးက ဇီဒန်းဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်မန်နေဂျာအဖြစ် နှစ်နှစ်ခွဲကာလ တာဝန်ယူအပြီး မယုံနိုင်လောက်တဲ့ အောင်မြင်မှုတွေ ရရှိခဲ့တယ်။ အထူးသဖြင့် ဘောလုံးသမိုင်းမှာ လက်ဖျားခါလောက်အောင်ပဲ ချန်ပီယံလိဂ်ဖလား သုံးကြိမ်ဆက် ရရှိခဲ့ပါတယ်။ ဒါ့အပြင် ရီးရဲနဲ့ နောက်ထပ် ဖလား 6 လုံးလည်း ထပ်ရခဲ့သေးတာပါ။

အသက် 46 နှစ်အရွယ် မန်နေဂျာက မီဝါစတားတွေကို ထိန်းချုပ်ဖို့ရာမှာ စိမ်းမနေပါဘူး။ ဒါ့အပြင် ကစားသမားဘဝ၊ မန်နေဂျာဘဝ အောင်မြင်မှုတွေကလည်း နာမည်ကျော်တွေရဲ့ လေးစားခြင်းကို ခံရဖို့ လုံလောက်တဲ့ အရှိန်အဝါ ရှိပါတယ်။ ရီးရဲမက်ဒရစ်မှာ ကြားကာလအတွင်း ဝင်ရောက်တာဝန်ယူပေမယ့် ချန်ပီယံလိဂ်ဖလားကို အနိုင်ရခဲ့မှုဆိုတဲ့ မှတ်တမ်းက ယူနိုက်တက် ပရိသတ်တွေကို လုံ့ဆော်နိုင်စွမ်းရှိပါတယ်။

လီယိုနာဒို ဂျာဒင်း

တိုက်စစ်အားသန်မန်နေဂျာဖြစ်ပြီး အကယ်ဒမီကစားသမားတွေကို မွေးထုတ်ရာမှာ ထူးချွန်သူပါ။ ပေါ်တူဂီကလပ် စပို့တင်းမှာ အထင်ကြီးလောက်တဲ့ ဘောလုံးရာသီကောင်း ပိုင်ဆိုင်နိုင်တဲ့နောက် မိုနာကိုအသင်းက မန်နေဂျာအဖြစ် ခေါ်ယူခန့်အပ်ခြင်းခံခဲ့ရတယ်။ သူက လူငယ်တွေနဲ့ အလုပ်လုပ်ရတာကို နှစ်ခြိုက်ပြီး တိုက်စစ်အားသန်သလို၊ ခံစစ်ပိုင်းကိုလည်း ကျစ်လစ်အောင် တည်ဆောက်လေ့ရှိတဲ့ မန်နေဂျာဖြစ်တယ်။

2016-2017 ခုနှစ်မှာ ပေါ်တူဂီမန်နေဂျာဟာ သွင်းဂိုး 107 ဂိုးသွင်းတဲ့ မိုနာကိုအသင်းနဲ့အတူ ပြင်သစ်လိဂ်ကို အနိုင်ရခဲ့တယ်။ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းကို အနိုင်ယူပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိခဲ့ပေမယ့် ဂျူဗင်တပ်ကို အရေးနိမ့်ခဲ့ပါတယ်။ မိုနာကိုအသင်းမှာ လက်ရှိတာဝန်ယူနေပြီး ယူနိုက်တက်ဘက်က ကြိုးစားမှုတွေ ရှိနေတယ်လို့ အသံထွက်နေပါတယ်။

လိုဟန့်ဘလန့်

2016 မှာ ပီအက်ဂျီမန်နေဂျာရာထူးက ထွက်ခွာခဲ့ပြီးကတည်းက မည်သည့်တာဝန်မှ ရယူထားခြင်းမရှိပါဘူး။ ဒီပြင်သစ်သားကိုတော့ ယူနိုက်တက်ဘက်က အလေးအနက်ကြီး စိတ်ဝင်စားတာမျိုး မရှိသေးပါဘူး။ လိဂ်ဝမ်ကို ပီအက်ဂျီအသင်းနဲ့ အနိုင်ရတာက ယူနိုက်တက်ကို ပရီးမီးယားလိဂ်ရအောင် ဦးဆောင်ပေးရမှာနဲ့ အများကြီး အဆင့်ကွာပါတယ်။ 2009 မှာ ပြင်သစ်ကလပ် ဘော်ဒိုးအသင်းနဲ့လည်း လိဂ်အမှတ်ပေးဖလား ရယူဖူးပါတယ်။

သူဟာ ပီအက်ဂျီအသင်းကို ကိုင်တွယ်တဲ့ ပထမရာသီမှာ အောင်မြင်မှုမရပေမယ့် နောက်ပိုင်းမှာ အမှတ်ပေးဖလားကို ဆက်တိုက်ရပါတယ်။ ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်ကို အမြဲတမ်း တက်ရောက်ခဲ့ပေမယ့် အဲ့အဆင့်က မကျော်ခဲ့ပါဘူး။ သူက ယူနိုက်တက်အသင်းသားဟောင်း ဖြစ်ပါတယ်။ ဒါကြောင့် ကလပ်အသင်းရဲ့ တောင်းဆိုလိုမှုတွေကို နားလည်မယ် ယူဆရပါတယ်။ မော်ရင်ညိုလက်အောက်မှာ အဆင်မပြေတဲ့ ပေါ့ဘာနဲ့ မာရှယ်ကို သူဆက်ထိန်းနိုင်မယ်လို့ မျှော်လင့်ရမှု ရှိပါတယ်။

ကွန်တီ

ချဲလ်ဆီးအသင်းနဲ့ တစ်ရာသီကောင်းမွန်ခဲ့ပြီး တစ်ရာသီ ရလဒ်ဆိုးခဲ့တဲ့ ကွန်တီက ယူနိုက်တက်ပရိသတ်တွေ အကြိုက် မန်နေဂျာစာရင်းထဲ ထည့်ထားတာ သိပ်မတွေ့ပါဘူး။ ချဲလ်ဆီးအသင်းနဲ့ ပထမဆုံးရာသီမှာတင် အောင်မြင်မှုရပေမယ့် သူ့ရဲ့ကစားဟန်က တိုက်စစ်အသားပေး မဟုတ်ပါဘူး။ ဒါပေမယ့် အဆိုးဆုံး အခြေအနေတွေမှာတောင် အက်အေဖလားကို ရယူပေးနိုင်တဲ့ အရည်အချင်းတော့ရှိသူပါ။

ဂျူဗင်တပ်မှာလည်း အများကြီး အောင်မြင်ခဲ့သူဖြစ်တယ်။ 2012 မှာ ဂျူဗင်တပ်ကို ရောက်လာတဲ့ ပေါ့ဘာဟာ ကွန်တီလက်အောက်မှာ နှစ်ရာသီ ကစားခဲ့ပြီး အကောင်းဆုံး ဘောလုံးရာသီတွေ ဖြစ်ခဲ့ပါတယ်။ ကွန်တီလက်ထက်မှာ ပေါ့ဘာရဲ့ ကွင်းလယ်ပိုင်း ကစားနိုင်စွမ်းက နာမည်ကျောပါတယ်။ ဒါပေမယ့်လို့ ကွန်တီနဲ့ ချဲလ်ဆီးကြား နောက်ကွယ်က မပြီးဆုံးသေးတဲ့ ကိစ္စတွေ ရှိပါတယ်။ ယူနိုက်တက်က ခပ်မြန်မြန်ခေါ်ယူလိုတဲ့ အနေအထားမှာ သူ့ရဲ့ စာချုပ်စာတမ်းကိစ္စတွေ ပြီးစီးပမလားက မသိရပါဘူး။

ပိုချက်တီနို

ဖော်ပြပါ မန်နေဂျာစာရင်းမှာ ယူနိုက်တက်က ခေါ်ယူဖို့ အခက်ဆုံးဖြစ်ပေမယ့် အလိုရှိဆုံး မန်နေဂျာဖြစ်ပါတယ်။ တော်တင်ဟမ်ကို ပရီးမီးယားလိဂ် ကြီး 6 ကြီး စာရင်းထဲ ဝင်လာစေခဲ့တဲ့ အာဂျင်တီးနား မန်နေဂျာကို တော်တင်ဟမ်ဘယ်က ဘယ်နည်းနဲ့မှ လက်လွတ်ခံမှာ မဟုတ်ပါဘူး။ မိုနာကိုမန်နေဂျာ Jardim လိုပါပဲ တိုက်စစ်အားသန်ပြီး လူငယ်တွေနဲ့ တွဲအလုပ်လုပ်ရတာကို နှစ်သက်ပါတယ်။

ပရီးမီးယားလိဂ် အတွေ့အကြုံ 5 ရာသီကျော်ရှိတဲ့ ပိုချက်တီနိုကို ခေါ်ယူတာက Jardim လောက်တော့ လောင်းကစားဆန်တဲ့ ခေါ်ယူမှု ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ခေါ်ယူလိုတယ်ဆိုရင် နောက်ရာသီထိ စောင့်ရဖို့တော့ရှိတယ်။ ရာသီကုန်ထိ ယာယီမန်နေဂျာ တစ်ဦးကို တာဝန်ယူစေပြီး နွေအပြောင်းအရွှေ့ လုပ်ပိုင်ခွင့်တွေ့ အပြည့်အဝပေးမယ်ဆိုရင်တောင် ပိုချက်တီနိုကို လက်မှတ်ထိုးဖို့က အခြား မက်လုံးကောင်းတွေ လိုအပ်ပါသေးတယ်။