မန်ယူ မန်နေဂျာ ဆိုးရှားက နွေမှာ မန်ချက်စတာကလပ်ကနေ ပေါ့ဘာ ထွက်ခွာသွားမယ်ဆိုတဲ့ သတင်းတွေကို ပယ်ချခဲ့ပြီး ကစားသမားရဲ့ အနာဂတ်က မန်ချက်စတာယူနိုက်တက်မှာပါလို့ ဆိုပါတယ်။ သတင်းသမားတွေက ကလပ်အသင်းကို ပေါ့ဘာအား ဝိုင်းရံတဲ့ ပုံစံနဲ့ တည်ဆောက်မလားဆိုတဲ့ မေးခွန်းကိုလည်း ဆိုးရှားက မှန်ကန်ပါကြောင်း ဝန်ခံခဲ့တယ်။

ဆိုးရှားက ပြောရာမှာ ” အသင်းကို ပေါ့ဘာကို ဝိုင်းရံပြီး တည်ဆောက်မှာပါ။ နှစ်အနည်းငယ်တည်းက ဒါကို ကျနော် ပြောပြခဲ့ပါတယ်။ ပေါ့ဘာက ဒီမှာ ပျော်နေတယ်။ သူကစားတာလည်း အရမ်းကောင်းတယ်။ လက်ရွေးစင် သီတင်းပတ်မှာတော့ ဒီလိုကိစ္စ စကားပြောမှုတွေ ရှိတတ်ပါတယ်။

မီဒီယာတွေဆုံမှုမှာ ကစားသမားတွေက အမြဲတမ်း အထွေထွေ မေးခွန်းတွေကို ဖြေကြားပေးတတ်တယ်။ ရီးရဲလ်အတွက်ဆိုရင် ဘယ်လိုကစားသမားမဆို ကစားပေးလိုတယ်ဆိုတာကို ပေါ့ဘာက အဖြေပေးရုံသက်သက်ပါပဲ။ သူ့အတွက်သူ ပြောတာ မဟုတ်ပါဘူး။ သူ ဒီမှာပဲ ပျော်နေပါတယ် ” လို့ ရှင်းလင်းခဲ့ပါတယ်။

ဆိုးရှားဟာ ပေါ့ဘာကို ကလပ်အသင်းမှာ ဆက်ထိန်းထားဖို့ ယုံကြည်မှု ရှိနေပေမယ့် အခြားသော စီနီယာ ကစားသမားတွေကို ကလပ်အသင်းမှာ ဆက်ထိန်းဖို့တော့ မေးခွန်းတွေ ရှိနေဆဲ အခြေအနေတွေမှာ ရှိနေပါတယ်။ စပိန်ကစားသမားတွေဖြစ်တဲ့ မာတာနဲ့ ဟာရဲရာတို့ဟာ ရာသီကုန်မှာ စာချုပ်ကုန်တော့မှာဖြစ်ပြီး ဒီဂီယာကလည်း ကာလရှည် သက်တမ်းတိုးမှုကို အခုချိန်ထိ သဘောမတူသေးပါဘူး။