ယူနိုက်တက်ဟာ အသင်းကနေ ထွက်ခွာသွားတဲ့ တိုက်စစ်မှူးဇာလာတန်ကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ပြန်လည်ခေါ်ယူဖို့ စဉ်းစားလာနိုင်တယ်လို့ သိရပါတယ်။ အစောပိုင်းက ကောလဟဟာက သတင်းအဖြစ်ပဲ ဖော်ပြမှုတွေရှိခဲ့ပေမယ့် မန်ချက်စတာအခြေစိုက် သတင်းထောက်အချို့ကပါ သို့လောသို့လောသတင်းတွေ ဖော်ပြလာခဲ့ကြတာပါ။

ယူနိုက်တက်တိုက်စစ်မှူး လူကာကူဟာ မန်ချက်စတာကလပ်ကနေ ထွက်ခွာမယ်ဆိုတဲ့ ထင်မြင်ချက်တွေ ပိုမိုတိုးမြင့်လာနေပါတယ်။ လူကာကူ ရောက်ရှိနိုင်တဲ့ ကလပ်အသင်းတွေအအပေါ် ပေါက်ကြေးဖွင့်မှုတွေတောင် ရှိလာခဲ့ပြီး ချဲလ်ဆီး၊ ပီအက်ဂျီနဲ့ အင်တာမီလန်တို့က ထိပ်ဆုံးမှာ ရှိနေခဲ့ပါတယ်။

ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းရဲ့ ဗဟိုခံစစ်သမား Manuel Akanji က အနာဂတ်မှာ ယူနိုက်တက်အတွက် ကစားပေးလိုတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဇန်နဝါရီ အပြောင်းအရွှေ့ကမှ ဘေဆယ်ကနေ ဒေါ့မွန်အသင်းကို ပေါင် 15 သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ အသက် 23 နှစ်အရွယ် ဆွစ်ဇလန်ခံစစ်သမားဟာ ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းတွေမှာ ခြေစွမ်းပြနေသူဖြစ်ပါတယ်။

မန်စီးတီးအကယ်ဒမီထွက်ဖြစ်ပြီး အဌားထွက်ကစားနေတဲ့ ကွင်းလယ်ကစားသမားလေး Matthew Smith ဟာ ဝေလ်းအသင်းလူစာရင်းမှာ ရွေးချယ်ခံထားရပါတယ်။ အဆိုပါလူငယ်လေးဟာ ဝေလ်းနဲ့ စပိန်အသင်းတို့ ယှဉ်ပြိုင်ကစားရမယ့် လက်ရွေးစင်အဆင့်ပွဲမှာ ပွဲထွက်ခွင့်ရလာမယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းရဲ့ ယူကရိန်းကွင်းလယ်လူ ဇင်ချန်ကိုဟာ စီးရီးအေကလပ် နာပိုလီအသင်းထံ ပြောင်းရွှေ့ကစားဖို့ စကားပြောနေပြီလို့ သူ့ရဲ့အေးဂျန့်က ထုတ်ဖော်ပြောဆိုပါတယ်။ နွေအပြောင်းအရွှေ့ မန်စီးတီးအသင်းက ရောင်းထုတ်ဖို့ သဘောတူညီခဲ့ပေမယ့် ကစားသမားက ပယ်ချခဲ့ပြီး ကလပ်အသင်းမှာပဲ ဆက်နေဖို့ ကြိုးစားခဲ့တာပါ။

လိုင်ယွန်အသင်းဥက္ကဌ ဂျင်မိုက်ကယ်အော့လက်စ်က ကလပ်အသင်းရဲ့အဓိက ကစားသမားဖြစ်သူ ဖယ်ကီရာကို ကလပ်အသင်းမှာ ဆက်ထိန်းထားဖို့ အာမမခံပါဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဖက်ရီရာကို ဘာစီလိုနာအပြင် မန်စီးတီးကလည်း စိတ်ဝင်စားနေတယ်လို့ သူကပဲ ထုတ်ဖော်ပြောဆိုလိုက်တာပါ။

မိုနာကိုအသင်းကနေ လိုက်လံချိတ်ဆက်နေတဲ့ ဘယ်လ်ဂျီယံအသင်း လက်ထောက်နည်းပြ အွန်နရီဟာ မန်နေဂျာကောင်း တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ဟာဇက်က ထောက်ခံအားပေးလိုက်ပါတယ်။ အာဆင်နယ်ကစားသမားဟောင်းကြီး အွန်နရီကို အက်စတွန်ဗီလာအသင်းကလည်း မန်နေဂျာ ရာထူးအတွက် ချိတ်ဆက်ခဲ့သေးပေမယ့် အွန်နရီက ပယ်ချထားတာပါ။

ချယ်ဆီး ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်က ဆာရီရဲ့ အသင်းမှာ အားအင်သစ်တွေ အပြည့်နဲ့ ဖြစ်ကာ ပျော်ရွှင်နေပြီး ချယ်ဆီးနဲ့ စာချုပ်သစ်အတွက်လည်း သူ့ဘက်က တံခါးဖွင့်ထားကြောင်း အသိပေးစကား ဆိုလိုက်ပါတယ်။ မန်နေဂျာဆာရီက ဂျော်ဂျင်ဟို ကစားနေတဲ့ အသင်းရဲ့ကွင်းလယ်အတွင်းလူနေရာမှာ ဖာဘရီဂတ်စ်ကို အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။

ချယ်ဆီးနဲ့ သရေကျတဲ့ပွဲအပြီးမှာ ဆာရီနဲ့ ကလော့ပ်ကြား နုတ်ဆက်ရင်း စကားပြောခဲ့ကြတာကို မီဒီယာတွေမှာ မြင်တွေ့ခဲ့ရပြီးပါပြီး အဆိုပါပွဲအပြီးမှာ ဆာရီက ကလော့ပ်ကို ဒီပွဲအပေါ် မင်း ကျေနပ်တယ် မဟုတ်လားလို့ ပြုံးပြုံးရွှင်ရွှင်မေးပြီး နှုတ်ဆက်ခဲ့ကြောင်း ကလော့ပ်က ပြန်ပြောပြခဲ့ပါတယ်။

အာဆင်နယ်ကစားသမားဟောင်းကြီး အလန်စမစ်ကတော့ ရမ်ဆေး ထွက်ခွာလိုခြင်းဟာ ကွင်းလယ်ပွဲထွက်ခွင့် တိုက်ပွဲအတွက် အိုဇေးလ်နဲ့ ထိပ်တိုက်မတွေ့လိုလို့ ရှောင်ထွက်ခြင်းများလားလို့ မေးခွန်းထုတ်လိုက်ပါတယ်။ အမ်မရီလက်ထက်မှာ ရမ်ဆေးဟာ တူညီတဲ့နေရာကနေ ပွဲထွက်ကစားပေးနေတာဖြစ်ပါတယ်။

အပြောင်းအရွှေ့ကာလလည်း မဟုတ်ပေမယ့် ဒီရာသီကုန်ရင် ပြောင်းရွှေ့ကြေးအလွတ်နဲ့ အာဆင်နယ်မှ ထွက်ခွာဖွယ်ရှိတဲ့ ရမ်ဆေးကို ခေါ်ယူဖို့ အေစီမီလန်အသင်းက ဆွေးနွေးမှုများ ပြုလုပ်ရန်ကြိုးစားနေပြီ ဖြစ်ကြောင်း အီတလီသတင်းဌာနများက ဖော်ပြလာပါတယ်။ အေစီမီလန် အပြင် ရမ်ဆေးနဲ့ သတင်းထွက်တဲ့အသင်းတွေထဲမှာ လီဗာပူးနဲ့ ဂျူဗင်တပ်တို့လဲ ပါဝင်နေပါတယ်။

ခြေကျင်းဝတ် ဒဏ်ရာကြောင့် လပေါင်းများစွာ အနားယူနေရတဲ့ ဆယ်ကျော်သက် လီဗာပူး တိုက်စစ်မှူး ရာဟင်း ဘရူစတားက ပြန်ကစားနိုင်ဖို့ မစောင့်နိုင်အောင် ဖြစ်ရကြောင်း ဆိုလိုက်ပါတယ်။ ဒဏ်ရာကြောင့် ရာသီကြို လေ့ကျင့်ရေးမှာတောင် မပါနိုင်ခဲ့တဲ့ ဘရူစတားဟာ အန်ဖီးကလပ်နဲ့ ကာလရှည် သက်တမ်းရှိပြီး ထူးချွန်တဲ့ တိုက်စစ်သမားကောင်းအဖြစ် မှတ်ချက်ကောင်းတွေများစွာ ရရှိထားသူပါ။

မာဆေးဆိုဒ်မှာ ဆာလက်တစ်ယောက် ဖုန်းသုံးနေရင်း ကားမောင်းထွက်ခဲ့တဲ့ ဗီဒီယိုကြောင့် ဝေဖန်မှုတွေ ခံရပြီး စစ်ဆေးခံရပေမယ့် ပြစ်ဒဏ်ကျခံဖို့ မရှိကြောင်း ရှင်းလင်းပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါဖြစ်ရပ်ဟာ ကစားကွင်းနောက်ကွယ်က ဆာလက်ရင်ဆိုင်နေရတဲ့ စိတ်ရှုပ်စရာ အမူတစ်ခုလည်းဖြစ်ပါတယ်။

FootballJoe ကနေ လီဗာပူး လူငယ်ကစားသမား ထရန့် အလက်ဇန္ဒါး အားနိုးကို စက္ကန့် ၆၀ စာ မေးခွန်းအတိုလေးတွေ အမေးအဖြေ လုပ်ခဲ့ရာ အနာဂတ်ရည်မှန်းချက် လို့ မေးတာနဲ့ အာနိုးက လီဗာပူးလ်အသင်းခေါင်းဆောင်လို့ မဆိုင်းမတွ အမြန်ဖြေဆိုသွားပါတယ်။ စတီဗင်ဂျရတ်ကတော့ သူ့ရဲ့ Idol ဖြစ်ပြီး အကောင်းဆုံး ဘောလုံးသမားကတော့ မက်ဆီပါတဲ့။

စပါးအသင်းဟာ နောက်ထပ် ဒဏ်ရာထိုးနှက်ချက်အနေနဲ့ ခံစစ်မှူး ဗာတွန်ဂန်တစ်ယောက် တံကောက်ကြော ဒဏ်ရာကြောင့် သီတင်းပတ်အတော်ကြာ လက်လွှတ်ရဖို့ ရှိပြီး ဗာတွန်ဂန်က ဒီဇင်ဘာ အစပိုင်းမှ ပြန်လည် ကစားနိုင်တော့မှာ ဖြစ်ပါတယ်။

အင်္ဂလန်ဂန္တဝင်ကြီး ကီဗင်ကီးဂန်းက အင်္ဂလန်အသင်းရဲ့ လက်ရှိကွင်းလယ်လူတွေထဲမှာ တော်တင်ဟမ်အသင်းရဲ့ ကွင်းလယ်လူ အလီတစ်ယောက်ကိုပဲ မျက်စိတ်တွေ့တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။ ဟယ်ရီကိန်းဟာ အလန်ရှီးယားလို တိုက်စစ်သမားဖြစ်ပေမယ့် အင်္ဂလန်က ကွင်းလယ်ပိုင်း လိုအပ်ချက်ရှိပြီး အလီကို အတော်လေး နှစ်သက်တယ်လို့ ကီးဂန်းက ဆိုလိုက်တာပါ။

စပါးနဲ့ အင်္ဂလန် တိုက်စစ်မှူး ကိန်းဟာ လက်ရှိမှာတင် ဂိုးများစွာ သွင်းယူနေတဲ့ ထိပ်တန်း တိုက်စစ်မှူးဖြစ်ပေမယ့် ဒိထက်တောင် ပိုကောင်းလာနိုင်တဲ့ အလားလာတွေ ရှိကြောင်း လူကာမိုဒရစ်က ထုတ်ဖော်ချီးကျူးလိုက်ပါတယ်။