မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးရှားဟာ လာမယ့်နွေမှာသာ အားထားရတဲ့ ဂိုးသမား ဒီဂီယာကို လက်လွှတ်ရရင် ၄င်းနေရာ ဆက်ခံစေဖို့ ဂိုးသမားနှစ်ဦး ပစ်မှတ်ထားနေပြီ ဖြစ်ပါတယ်။ မန်ယူဟာ ဒီဂီယာအတွက် တစ်ပတ် လုပ်ခ ပေါင် ၃သိန်းခွဲ လစာနဲ့ သက်တမ်းတိုးစာချုပ်သစ် ဆွေးနွေးမှု ပြုလုပ်နေသော်လည်း ကစားသမားဘက်က ဆိုင်းငံ့ထားပါတယ်။

စပိန်သား ဂိုးသမားဟာ ပီအက်စ်ဂျီရီဲ့ နံပါတ် ၁ ပစ်မှတ် ကစားသမား ဖြစ်နေတဲ့အပြင် ရီးရဲလ်မက်ဒရစ်အသင်းကလည်း ချိတ်ဆက် မှုတွေ ရှိနေပါတယ်။ ဒါကြောင့် အသင်းဘက်က ဒီဂီယာကို ထိန်းမထားနိုင်ခဲ့ရင် အစားနေရာဝင်ယူနိုင်မယ့် ဂိုးသမားမျိုး ရှာဖွေနေတာပါ။

မန်ယူဟာ အဲဗာတန်ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်ကို ကာလရှည် စောင့်ကြည့်နေခဲ့တာ ဖြစ်ပြီး မော်ရင်ညို ရှိစဉ်တည်းက အင်္ဂလန် လက်ရွေးစင် အသင်းနဲ့အတူ ကမ္ဘာ့ဖလား ဆီမီးရောက်ခဲ့တဲ့ ပစ်ဖို့ဒ်ကို ယူနိုက်တက်က မျက်စိကျခဲ့တာပါ။ ဒီရာသီ အဲဗာတန်နဲ့အတူ ပြသနေတဲ့ ၄င်းလက်စွမ်းက အကောင်းကြီး မဟုတ်ပေမယ့် ပစ်ဖို့ဒ်က ဆိုးရှားရဲ့ ရေဒါထဲမှာ ရှိနေတာပါ။ အဲဗာတန်အသင်းဘက်က ရောင်းချလာအောင်တော့ ပေါင် သန်း ၆၀ လောက် သုံးရဖွယ် ရှိပါတယ်။

နောက် ဂိုးသမားတစ်ယောက်ကတော့ အက်သလက်တီကို မက်ဒရစ်မှ ဆလိုဗက်ကီးယားသား ဂျန် အော့ဘလက် ဖြစ်ပါတယ်။ ဒါပေမယ့် အော့ဘလက်ကို ခေါ်ယူလိုပါက ဂိုးသမားတစ်ယောက်အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးတွေထိ မန်ယူ သုံးရနိုင်ပါတယ်။ ချယ်ဆီးအသင်းဟာ သူတို့ ဂိုးသမားကီပါကို အက်သလက်တစ် ဘီဘာအိုမှာ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၁ သန်းနဲ့ ခေါ်ယူထားတာ ဖြစ်ပြီး အော့ဘလက်အတွက်ဆို အက်သလက်တီကိုက ပေါင် ၈၅ သန်း ၀န်းကျင် ဈေးသတ်မှတ်ထားတာပါ။

အခြား အစားထိုးစရာ ဂိုးသမားများ ရှာဖွေနေသော်လည်း မန်ယူဟာ ဒီဂီယာကို အသင်းမှာ ရအောင် ဆက်ထိန်းထားဖို့လည်း အစီအစဉ် ရှိဆဲပါ။ သက်တမ်းတိုး ညှိနှိုင်းဖို့ ကြံ့ကြာနေတာကြောင့် ဒီဂီယာရဲ့ လက်ရှိစာချုပ်မှ တစ်နှစ် သက်တမ်းတိုးခွင့်ကိုလည်း အသက်သွင်းလိုက်ပြီးဖြစ်ကာ ၂၀၂၀ မှ စာချုပ်ကုန်ဆုံးမှာပါ။ ဒီဂီယာဘက်က တောင်းဆိုနေတဲ့လစာဟာ အသင်း ကမ်းလှမ်းထားတဲ့ တစ်ပတ် ပေါင် ၃သိန်းခွဲထက် ပို အလိုရှိနေပြီး အသင်းမှာ လစာအများဆုံးရနေတဲ့ ဆန်းချက်ရဲ့ ပေါင် ၅ သိန်းလောက်ထိ မျှော်မှန်းနေပါတယ်။

အသင်းအနေနဲ့ ၂၀၂၀ နွေမှသာ လက်လွှတ်ရမယ်ဆိုရင် သူတို့ရဲ့ ပေါင် သန်း ၁၀၀ လောက် တန်ကြေးရှိတဲ့ ဂိုးသမားကို အလွတ် လက်လွှတ်ရမှာ ဖြစ်လို့ လာမယ့်ေ်နွမှာ ဒီဂီယာ သက်တမ်းမတိုးခဲ့ရင် အပြီးသတ် ရောင်းချကာ အစားထိုးရန် ဂိုးသမားသစ် ခေါ်ယူဖို့ မန်ယူတို့ စဉ်းစား ပြင်ဆင်နေရပြီ ဖြစ်ပါတယ်။