မန်ယူဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ် ပထမအကျော့အဖြစ် ဘာစီလိုနာကို ရင်ဆိုင်ရမယ့်ပွဲမှာ မန်ယူနည်းပြ ဆိုးရှားက ပဲရစ်မှာ အောင်ပွဲခံခဲ့တဲ့ စိတ်ဓာတ်ကို ပြန်လည်အသက်သွင်းရန် ကြံရွယ်နေပါတယ်။ ဆိုးရှားနဲ့ လက်ထောက်နည်းပြ မိုက်ဖီလန်က စနေနေ့က နူးကမ့်မှာ ဘာစီလိုနာပွဲ သွားရောက်ကြည့်ရှုခဲ့ပြီး ပြိုင်ဘက်ကို လေ့လာထားပြီး ဖြစ်ပါတယ်။

ဒါပေမယ့်လို့ ပရီမီးယားလိဂ် ဂန္တ၀င်ကစားသမား အလန်ရှီးယားက ဘာစီလိုနာအသင်းမှာ အာဂျင်တီးနားကြယ်ပွင့် မက်ဆီရှိနေတဲ့ အချက်ကပဲ ဘာစီလိုနာ အားသာချက် များစွာ ရှိနေပြီး မန်ယူအတွက် အင်အားကြီးလွန်းတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်နေရတယ်လို့ ယူဆထားပါတယ်။

“ပီအက်စ်ဂျီကို ပြန်ယှဉ်ပြီး ကျော်ဖြတ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကို လျှော့တွက်လို့ မရပါဘူး။ ဒါပေမယ့် ကျနော်ကတော့ ကွာတား နှစ်ကျော့လုံးအတွက် ဘာစီလိုနာက မန်ယူထက် အင်အားသာလွန်းနေတယ် ထင်ပါတယ်။ အထူးသဖြင့် လီယွန်နယ် မက်ဆီကြောင့်ပေါ့။ ဒီပွဲမှာ မန်ယူ ကွာခြားတဲ့အချက်ကို မက်ဆီ လုပ်ပြတာ မြင်ရဖို့ ကျနော် မျှော်လင့်ထားတယ်။ သူကပဲ ဘာစီလိုနာ ဗိုလ်စွဲသွားသည်ထိ သယ်ဆောင်သွားနိုင်ဲ့ အကြောင်းအရင်း ဖြစ်လာနိုင်တယ်။” လို့ နယူးကာဆယ်ကစားသမာဟောင်းကြီး အလန်ရှီးယားက ပြောကြားလိုက်ပါတယ်။

မန်ယူအနေနဲ့ အခွင့်အရေးရတိုင်း မက်ဆီကို ထိန်းချုပ်ပြီး သူ့ရဲ့ လွှမ်းမိုးနိုင်စွမ်းကို ကန့်သတ်ဖို့ ကြိုးစားရမှာပါ။ မက်ဆီ ဦးဆောင်တဲ့ ဘာစီလိုနာက ပီအက်စ်ဂျီနဲ့ အကွာကြီး ကွာပါတယ်။ မန်ချက်စတာယူနိုက်တက်အနေနဲ့ ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်းနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်လို့ ကလပ်အသင်းရဲ့ အရည်အချင်းကို မှတ်ကျောက်တင်ခံရတော့မှာပါ။

ဘာစီလိုနာဟာ အိုထရတ်ဖိုဒ့်မှာတော့ မန်ယူကို လုံးဝ အနိုင်မရဖူးတဲ့ မှတ်တမ်းတစ်ခုလည်း ရှိနေတာဖြစ်ပါတယ်။