အဲဗာတန်နဲ့ ရှုံးပွဲ မတိုင်ခင်မှာ အသင်းလူစာရင်း ကြိုတင်ပေါက်ကြားခဲ့တဲ့ ကိစ္စ ဖြစ်ပွားခဲ့ပြီး ပွဲအပြီးမှာ ထိုဖြစ်ရပ်အတွက် ယူနိုက်တက် အ၀တ်လဲခန်းထဲမှာ အချင်းများမှု ရှိခဲ့တယ်လို့ သတင်းအချို့ ထွက်နေပါတယ်။

ချယ်ဆီးနဲ့ပွဲမှာ ယူနိုက်တက်အတွက် ဟာရဲရား ပြန်ကစားနိုင်ပါတယ်။ ဒီဂီယာက ပွဲထွက်ဂိုးသမားနေရာမှာ ဆက်ရှိနေမှာဖြစ်ပြီး တွမ်မီနေးနဲ့ ဖီးဂျုံးကစားဖို့ မသေချာသေးပါဘူး။ ချယ်ဆီးဘက်မှာ ရူဒီဂါ ကစားနိုင်ဖို့ မရှိသလို ကန်တီလည်း လွဲချော်နိုင်တယ်လို့ သိထားရပါတယ်။

ယူနိုက်တက်ဟာ နောက်ဆုံး ၃ ပွဲ ဆက် ရှုံးထားတာကြောင့် ဒီပွဲစဉ်က နှစ်သင်းလုံး အတွက် ခက်ခဲမယ့် ပွဲ ဖြစ်မယ်လို့ ချယ်ဆီးနည်းပြ ဆာရီက မှတ်ချက် ပြုလိုက်ပါတယ်။ အသင်းကြီးတွေနဲ့ အဝေးကွင်းမှာ ဆုံရင် အမှတ်ရဖို့ ခက်ခဲပြီး ယူနိုက်တက်ရဲ့ ရှုံးပွဲတွေက တုန့်ပြန်လာမယ့် ပေါက်ကွဲအားကိုလည်း ရင်ဆိုင်ရဖို့ ရှိတယ်လို့ ဆာရီက ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး အဲရစ်ဘိုင်လေကတော့ နောက်ဘောလုံးရာသီမှာလည်း အသင်းမှာ ဆက်နေသွားဖို့ အလိုရှိနေပါတယ်။ အသက် ၂၅ နှစ်အရွယ် ခံစစ်သမားကို လိုင်ယွန်အသင်းနဲ့ အာဆင်နယ်အသင်းတို့က စိတ်ဝင်စား ပစ်မှတ်ထားနေတာပါ။

ယူနိုက်တက်ဟာ စပါးအသင်းမှ ပေါင် သန်း ၆၀ တန် ဒိန်းမတ်သား ကွင်းလယ်ကစားသမား အဲရစ်ဆန်ကို အလိုရှိနေပါတယ်။ ဆိုးရှားက ၄င်းရဲ့ အသင်းကို ပြန်လည် ပြုပြင်မှု အစီအစဉ်ထဲ အဲရစ်ဆန်ကို အဓိက ကျတဲ့နေရာက ထည့်သွင်းထားပါတယ်။

” ချယ်ဆီးနဲ့ပွဲအတွက် ပိုကောင်းတဲ့ အရည်အချင်းတွေ လိုပါတယ်။ အနိုင်ရမယ်ဆိုရင် ကျနော်တို့ နှစ်ပွဲပဲ ကစားဖို့ ကျန်ပါမယ်။ အဆင့်လေး အတွင်း ဝင်ခွင့်ကို ရလိုပါတယ်။ ယူရိုပါလိဂ်ကို ကစားဖို့ မစဉ်းစားသေးပါဘူး။ ကိုယ်ပိုင်အခွင့်အရေးရဖို့ ကျနော်တို့ သေချာအောင် လုပ်ရပါမယ်။ ရာသီသိမ်းဖို့ သုံးပွဲပဲ ကျန်ပါတယ်။ ကျနော်တို့က အဆင့်လေး ဝင်ခွင့်နဲ့ သုံးမှတ်ပဲ ကွာသေးတာပါ။ ” လို့ ဆိုးရှားက ချယ်ဆီးနဲ့ ပွဲကြို ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ အိုဟမ်အသင်းမှ ထွက်ခွာလာပြီး ဖြစ်တဲ့ ပေါလ်စခိုးကို ချဉ်းကပ်နေပြီး ဆိုးရှားရဲ့ နည်းပြ အဖွဲ့ထဲမှာ တစ်နေရာ ပေးဖို့ စီစဉ်နေပါတယ်။

အာဆင်နယ်၊ လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ ရီးရဲလ် နောက်ဆုတ်သွားတဲ့ ပီအက်စ်ဂျီမှ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကစားသမား ရာဘီရော့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။

စပိန်သတင်းဌာန AS အဆိုအရ ယူနိုက်တက် ကွင်းလယ်ကစားသမား ဟာရဲရားက ရာသီကုန်ရင် ပြောင်းရွှေ့ကြေး အလွတ်နဲ့ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပြီလို့ သိရပါတယ်။ အသက် ၂၉ နှစ်ရှိပြီ ဖြစ်တဲ့ ဟာရဲရားက ပီအက်စ်ဂျီနဲ့ ၄နှစ် စာချုပ် ချုပ်ဆိုမှာပါ။

ယူနိုက်တက် နည်းပြ ဆိုးရှားအတွက် နေ့ရက်ကောင်းတွေက ကုန်ဆုံးခဲ့ပြီ လို့ ဆိုလိုက်ပြီး ပီတာခရော့ခ်ျက ယူနိုက်တက် ထိပ်သီး ကစားသမားများကို ဝေဖန်မှုများ ပြုလုပ်သွားပါတယ်။ ယူနိုက်တက် အ၀တ်လဲခန်းဟာ ရှိသင့်တဲ့ စုစည်းမှုမျိုး မရှိတော့ဘဲ သတင်းများ ထွက်နေတဲ့အတိုင်း ပေါ့ဘာ၊ လူကာကူတို့ ထွက်သွားဖွယ် ရှိကြောင်း ခရော့ခ်ျက သုံးသပ်ခဲ့ပါတယ်။