ဒီတပတ် ပရီးမီးယားလိဂ်ပွဲမှာ မန်ချက်စတာယူနိုက်တက် က ချယ်ဆီးကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ပြီး ၁ ဂိုးစီ သရေကျသွားခဲ့ပါတယ်။ ချယ်ဆီးအတွက် အလွန်ဆိုက သွင်းယူပေးခဲ့ပြီး ယူနိုက်တက် အတွက် မာတာက သွင်းယူခဲ့တာပါ။

ချယ်ဆီး အမျိုးသမီးအသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်မှာ လိုင်ယွန်နဲ့ တစ်ဂိုးစီ သရေကျခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၃-၂ နဲ့ လိုင်ယွန်ကပဲ ဗိုလ်လုပွဲ တက်ရောက်သွားခဲ့ပါတယ်။

ချယ်ဆီးအသင်းကို ချန်ပီယံဆုဖလားများ စိန်ခေါ်နိုင်တဲ့ အသင်း ဖြစ်ဖို့ သူ့ အနေနဲ့ အချိန် နှစ် နှစ်လောက် ရရင် ပြောင်းလဲ ပေးနိုင်တယ်လို့ နည်းပြ ဆာရီက ပြောဆိုလိုက်ပါတယ်။

အာဆင်နယ် သက်တော်ရှည် နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးက မာရီဇီယို ဆာရီရဲ့ ချယ်ဆီးအသင်းမှာ ရှိတဲ့ အကြီးမားဆုံး လစ်ဟာချက်ရှိနေကြောင်း ထောက်ပြလိုက်ပြီး အီဒင်ဟာဇက်ပေါ်မှာ ဖိအားများစွာ ကျရောက်နေတယ်လို့ မှတ်ချက်ပြုလိုက်ပါတယ်။

ချယ်ဆီးအသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် (၄) နေရာကို အာဆင်နယ်အသင်းနဲ့ (၂) အမှတ်အကွာ၊ ယူနိုက်တက်အသင်းနဲ့ (၃) မှတ်အကွာနဲ့ ဦးဆောင်နေပါပြီ။ ပွဲကစားဖို့ (၂) ပွဲသာ ကျန်ရှိတော့တဲ့အတွက် နောက်ထပ် ဘယ်အသင်းကမှ ဘယ်လိုအမှားမျိုးကိုမဆို မကျူးလွန်မိဖို့ ကြိုးစားကြရမှာပါ။

ချယ်ဆီးနဲ့ပွဲရလဒ်အပေါ် ယူနိုက်တက်မန်နေဂျာ ဆိုးရှားက ဓ ဒီပွဲဟာ ပွဲကောင်းတစ်ပွဲတော့ ဖြစ်ခဲ့ပါတယ်။ နှစ်သင်းလုံး အနိုင်ရဖို့အထိ အခွင့်အရေးတွေလည်း ရခဲ့ကြတာပါ။ ဒါပေမယ့် ဒီသရေရလာဒ်ကိုပဲ မျှတတယ်လို့ ပြောရတော့မှာပါ။ ဒီရလာဒ်ကြောင့် သူတို့အသင်းက ကျွန်တော်တို့ထပ် ပိုပျော်နေကြမယ် ထင်ပါတယ် ” လို့ မှတ်ချက်ပေးပါတယ်။

နောက်ရာသီ ဟီဂူအင်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့ ဆာရီက “ ဒါကိုတော့ ကျွန်တော် မသိပါဘူး။ အပြောင်းအရွေ့မှာ ကျွန်တော်က တာဝန်ရှိတဲ့သူ မဟုတ်ပါဘူး။ ဒါကြောင့် ဒါကိုတော့ ကျွန်တော် မပြောနိုင်သေးပါဘူး။ ဒါပေမယ့် သီအိုရီအရ ပြောရမယ်ဆိုရင်တော့ သူရှိမှာပါ။ “ လို့ ပြောကြားခဲ့ပါသေးတယ်။

ချယ်ဆီးဟာ ဒီတပတ် ယူနိုက်တက်နဲ့ သရေကျခဲ့ပေမယ့် ချန်ပီယံလိဂ် ၀င်ခွင့်အတွက် ပြိုင်ဆိုင်နေတဲ့ အသင်းတွေထဲ စပါးနဲ့ အာဆင်နယ် နှစ်သင်းလုံး ရှုံးပွဲ တွေ့ခဲ့တာကြောင့် အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်နေပါတယ်။

ယူနိုက်တက်နဲ့ပွဲမှာ အသင်းရဲ့ ကစားပုံနဲ့ ပတ်သက်ပြီး ဆာရီက “ ကျွန်တော်တို့အသင်း ဘောလုံးကို ပြန်လုတဲ့နေရာမှာ ပြဿနာတွေ ရှိခဲ့ပါသေးတယ်။ ဒါပေမယ့် ပထမပိုင်း ပြီးဆုံးခါနီးမှာတော့ ကျွန်တော်တို့ ပိုကောင်းခဲ့ပြီး ဒုတိယပိုင်းမှာလည်း ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပြီးဆုံးခါနီးမှာ ကျွန်တော်တို့ အကောင်းဆုံးအခွင့်အရေး ရခဲ့ပေမယ့် ကျွန်တော်တို့ လွဲချော်ခဲ့ပါတယ်။ ယူနိုက်တက်လို အသင်းမျိုးကို ရင်ဆိုင်ကစားရတာ တကယ့်ကို ခက်ခဲတာပါ။ “ လို့ ပြောကြားသွားခဲ့ပါတယ်။