စပိန်ထိပ်သီး ရီးရဲမက်ဒရစ်နဲ့ ပြင်သစ်ထိပ်သီး PSG တို့က ဒီဂီယာကို ခေါ်ယူဖို့ ကြိုးစားလာနေမှုကို အရှိမြှင့်လာခဲ့ပြီဖြစ်ပါတယ်။ ဒီသီတင်းပတ်တွေထဲ လက်စွမ်းကျဆင်းနေတဲ့ ဒီဂီယာဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အဆင်မပြေမှုတွေ ရှိနေတာပါ။

နွေမှာ ဒီဂီယာကို ခေါ်ယူခွင့်ရမယ်ဆိုရင် ပီအက်ဂျီက ပေါင် သန်း ၉၀ ထိ ပေးဖို့ ဆုံးဖြတ်ထားပြီး မန်ယူဘက်က စပိန်ဂိုးသမားနေရာမှာ အစားထိုးဖို့ကိစ္စတွေကို စဉ်းစားလာနေရပါတယ်။ မန်ယူနဲ့ သတင်းကြီးတွေ ထွက်ပေါ်ထားတဲ့ လာလီဂါကစားသမား အော့ဘလက်ကို ပြန်လည်ခေါ်ယူဖို့ကတော့ ပေါင် ၁၀၃ သန်း သုံးစွဲရမှာဖြစ်တယ်။

မန်ယူမှာ ဒီဂီယာရဲ့ လက်စွမ်းတွေ ကျဆင်းနေတာကြောင့် ကလပ်အသင်းမှာ သူ့ရဲ့ စိတ်နှစ်မြုပ်နှံလိုမှုဟာ မေးခွန်းထုတ်ခံရမှုတွေ များပြားနေတယ်။ ဒီဂီယာဟာ သူ့ရဲ့နောက်ဆုံး (၄) ပွဲမှာ အမှားကျူးလွန်မှု (၃) ကြိမ်ထိ ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီဂီယာဟာ ယုံကြည်မှု ပျောက်ဆုံးနေဟန်တူပြီး သူ့ရဲ့ လက်စွမ်းဟာ ပုံမှန်အောက်ကို ရောက်ရှိနေခဲ့တာပါ။ ဒါကြောင့်လည်း နွေမှာ သူ့ကို အသင်းပြောင်းခွင့်ပေးပြီး အက်သလက်တီကိုမက်ဒရစ် ဂိုးသမား အော့ဘလက်နဲ့ အစားထိုးလိုကြောင်း သတင်းတွေ ထွက်ပေါ်နေရတာဖြစ်ပါတယ်။

ဒီဂီယာဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ချယ်ဆီးအသင်းနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာလည်း အမှားအယွင်းတစ်ခု ပြုလုပ်ခဲ့ပြန်တာပါ။ သူဟာ ပထမပိုင်း ပြီးဆုံးခါနီးမှာ ရူဒီဂါရဲ့ အဝေးကန်ချက်ကို မသပ်မရပ် ကာကွယ်ခဲ့ပါတယ်။ သူ့ရဲ့အမှားကြောင့် မားကိုစ့်အလွန်ဆိုက ချေပဂိုး သွင်းယူသွားနိုင်ခဲ့ပြီး ယူနိုက်တက်ရဲ့ အဖိုးတန် (၂) မှတ်ကို ချေမွသွားခဲ့တာ ဖြစ်ပါတယ်။

မန်ယူဟာ ချယ်ဆီးနဲ့ပွဲ ရလာဒ်ကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ပိုမိုဝေးကွာလာခဲ့ပါပြီ။ မန်ချက်စတာအခြေစိုက် စစ်တမ်းတစ်ခုမှာ ယူနိုက်တက်ပရိတ်သတ် (၄၈%) လောက်ဟာ ဒီဂီယာအစား အရန်ဂိုးသမား ရိုမီယိုကို မြင်တွေ့လိုနေပါတယ်။

နည်းပြသစ်လက်ထက်မှာ အစကောင်းခဲ့ပေမယ့် တဖြည်းဖြည်း အဆိုးဖက် ရောက်ရှိလာတဲ့ ယူနိုက်တက်အနေနဲ့ သူတို့အသင်းရဲ့ ကမ္ဘာ့အဆင့် ကစားသမားတစ်ဦးကို လွယ်လွယ်ကူကူ လက်လွတ်ခံသွားမလားက မေးခွန်းထုတ်စရာဖြစ်တယ်။

နည်းပြဆိုးရှားက သူ့ရဲ့ ကစားသမားဖက်မှာ ခုချိန်ထိ ရပ်တည်ပေးနေဆဲဖြစ်ပြီး ဒီဂီယာဘက်ကလည်း လက်ကျန်ပွဲစဉ်တွေမှာ သူ့ရဲ့အမှားတွေကို ပြန်လည်ပြင်ဆင်သွားနိုင်ဖို့ လိုအပ်နေပါပြီ။