စက်တင်ဘာလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆုကို ချယ်ဆီး ကစားသမား ဟာဇက်က ရရှိသွားပါတယ်။ ဟာဇက်ဟာ စက်တင်ဘာလထဲမှာ လိဂ်ဂိုး 5 ဂိုး သွင်းခဲ့ပြီး အဆိုပါဆုကို ထိုက်ထိုက်တန်တန် ရယူသွားခဲ့တာဖြစ်ပါတယ်။ အကောင်းဆုံး မန်နေဂျာဆုကိုတော့ ၀ုဗ်အသင်းနည်းပြ Nuno Santo က ရရှိခဲ့ပါတယ်။

ချဲလ်ဆီးတောင်ပံသမား ဟာဇက်က Ballon d’Or ဆုအတွက်ကိုတော့ ရိုနယ်ဒို၊ မက်ဆီတို့ထက် ရီးရဲမက်ဒရစ် ကွင်းလယ်ကစားသမား မိုဒရစ်ကိုပဲ ထောက်ခံသွားခဲ့ပါတယ်။ နောက်လာမယ့် နှစ်လလောက်မှာ ရွေးချယ်ချီးမြင့်မယ့် အဆိုပါဆုကိုတော့ မက်ဆီအပြင် ဆာလက်၊ မိုဒရစ်တို့ကလည်း ရေပန်းစားနေပြီး ဘောလုံးပရိငတ်တွေကြား အငြင်းပွားမှုတွေလည်း များပြားနေတာဖြစ်ပါတယ်။

မေဆန့်မောင့်ဟာ ဒီရာဆုနှစ်ပိုင်းမှာ အဆင့်မြင့်တန်းပြိုင်ပွဲကမဟုတ်ပဲ အင်္ဂလန်အသင်းလူစာရင်းထံ ပါဝင်ခွင့်ရတဲ့ လေးဦးမြောက်ကစားသမား ဖြစ်လာခဲ့ပါတယ်။ မောင့်ဟာ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းမှာ ခြေစွမ်းပြနေခဲ့ပြီး မန်နေဂျာဆောက်ဂိတ်က လက်ရွေးစင်အသင်းထံ ဆင့်ခေါ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ပိုင်ရှင် ဂလေဇာ မိသားစုရဲ့ အမြင်မှာ ပေါ့ဘာက ကလပ်အသင်းမှာ သွားထိလို့ မရတဲ့ ကစားသမား၊ အသင်းရဲ့ မျက်နှာစာလို့ ယူဆထားပုံရကြောင်းနဲ့ ယူနိုက်တက်ဟာ သူ့ရဲ့ ကိုယ်ပိုင် မက်ဆီဗားရှင်းအဖြစ် ပေါ့ဘာကို အသက်သွင်းလိုဟန် ရှိနေတယ်လို့ Bleacher Report ဆောင်းပါ တစ်ပုဒ်မှာ သုံးသပ် ဖော်ပြထားပါတယ်။ ဘာစီလိုနာက ခေါ်ယူလိုနေတယ် သတင်းများ ထွက်နေပေမယ့် ပေါ့ဘာကို ခေါ်ယူဖို့နဲ့ ကြီးမြင့်တဲ့ လုပ်ခလစာပေးဖို့ ဘာစီလိုနာမှာ လုံလောက်တဲ့ ငွေကြေးမရှိကြောင်းကိုလည်း ထည့်သွင်းရေးသားထားပါတယ်။

ဆားဘီးယားနဲ့ မွန်တီနီဂရိုးအသင်းတို့ရဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်း မန်နေဂျာ မော်ရင်ညိုကို တွေ့လိုက်ရပြီး ၄င်းရဲ့ ကာလရှည် ပစ်မှတ် ဆားဘီးယားတောင်ပံကစားသမား ဆာဗစ်ကို လာရောက် ကြည့်ရှုတယ်လို့ Sky Sports က ယူဆထားပါတယ်။

ယူနိုက်တက်အသင်းမှာ ဆယ်ဆုနှစ်ကြာ ကစားလာခဲ့ပြီးတဲ့နောက် အသင်းခေါင်းဆောင်ဗလန်စီယာဟာ စတင်ကာ ခြေကျလာနေပြီဆိုတဲ့ သုံးသပ်ချက်ကို ယူနိုက်တက်ဖန်းဝဘ်ဆိုဒ်က သုံးသပ်ဖော်ပြလာပါတယ်။ အဆိုပါ သုံးသပ်ချက်မှာပဲ ကလပ်အသင်းအတွက် စွမ်းစွမ်းတမံ ကြိုးစားပေးခဲ့တဲ့ ဗလန်စီယာဟာ ပွဲထွက်ခွင့်တွေ အများကြီးနဲ့ ဦးဆောင်မှု မလုပ်နိုင်တော့ပေမယ့် လူစာဝင်းပဲဖြစ်ဖြစ် ရံဖန်ရံခါ ပွဲထွက်ကစားသမားအနေနဲ့ဖြစ်ဖြစ် အသင်းကို ဦးဆောင်ပေးဖို့ မျှော်လင့်ကြောင်း ဖော်ပြပါရှိပါတယ်။

စပါးအသင်းဟာ အဲရစ်ဆန်ကို တိုက်စစ်မှူး ကိန်းနဲ့ တန်းတူလယ်ဗယ် လစာတစ်ရပ် ကမ်းလှမ်းထားကြောင်း သိရပါတယ်။ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ဒိန်းမတ်သားဟာ စပါးအသင်းမှာ အရေးပါတဲ့ ကစားသမား ဖြစ်တဲ့အပြင် ခရိုအေးရှားကွင်းလယ်ကစားသမား မိုဒရစ် နေရာ အစားထိုးဖို့ ရီးရဲလ်မက်ဒရစ်က စောင့်ကြည့်မှုများ ရှိနေကြောင်း စပိန်သတင်းများမှာ ဖော်ပြထားပါတယ်။

စပါး ဗဟိုခံစစ်မှူး အန်ဒါဝီရယ်ဟာ ဒီရာသီကုန်မှာ အသင်းနဲ့စာချုပ်ကုန်ဆုံးပြီ ဖြစ်သော်လည်း စာချုပ်သစ်အတွက် အခြေအနေကို မဖြေကြားသေးပါဘူး။ အသက် ၂၉ ရှိပြီဖြစ်တဲ့ ဘယ်လ်ဂျီယံသားကို ယူနိုက်တက်ကလည်း အလိုရှိနေပြီး ၄င်းကတော့ စပါးအသင်းမှာ အပြည့်အ၀ ပျော်ရွှင်နေတယ်လို့ ဆိုထားပါတယ်။

လီဗာပူးလူငယ်ကစားသမား ထရန့်က အသင်းဖော်ဖြစ်တဲ့ ဂိုးမက်စ်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးခံစစ်သမားတွေထဲ ပါဝင်သူပါလို့ ထုတ်ဖော်ချီးကျူးလိုက်ပါတယ်။ အသက် 21 နှစ်အရွယ်ပဲ ရှိသေးတဲ့ ဂိုးမက်စ်ဟာ ပြင်းထန်တဲ့ ဒူးဒဏ်ရာတွေနဲ့အတူ ကာလရှည် အနားယူခဲ့ရပေမယ့် ကြံ့ခိုင်မှုတွေ ပြန်ကောင်းလာခဲ့ပြီး လီဗာပူးအသင်းရဲ့ အဓိက ကစားသမားဖြစ်လာနေခဲ့သူဖြစ်ပါတယ်။ ထရန့်ကတော့ ဒီရာသီ ပြသနေတဲ့ ခြေစွမ်းတွေအရ ဂိုးမက်စ်ဟာ အသိအမှတ်ပြုခံရခြင်းတွေအတွက် ထိုက်တန်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

လီဗာပူးတိုက်စစ်ဟာ ဝေဖန်ခံရမှုတွေရှိပေမယ့် မနှစ်က ရာသီအစပိုင်းမှာလည်း အထနှေးမှုတွေရှိကြောင်း ထောက်ပြမှုတွေ ပေါ်ထွက်လာပါတယ်။ လန်ဒန်အခြေစိုက် သတင်းဌာနက ဖော်ပြမှုမှာ မနှစ်ကရာသီ တိုက်စစ်သုံးဦးပေါင်းကြား 91 ဂိုးထိ ရှိခဲ့တဲ့ လီဗာပူးအသင်းတိုက်စစ်အပေါ် ထောက်ပြမှုတွေ များပြားနေပေမယ့် မနှစ်တုန်းကလည်း ရာသီအစတွေမှာ သွင်းဂိုးတွေ မများခဲ့သလို ဒီရာသီမှာတော့ ရမှတ်နဲ့ ပေးဂိုးတွေမှာ အကျိုးသက်ရောက်မှု ပိုများပြားလာတာကို သတိပြုရမယ်လို့ ထောက်ပြထားပါတယ်။

လီဗာပူးတိုက်စစ်မှူး စတားရစ်ဟာ စက်တင်ဘာလထဲ ယှဉ်ပြိုင်ကစားတဲ့ ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ်ပွဲမှာ သွင်းယူခဲ့တဲ့ အဝေးကန်ချက်နဲ့အတူ စက်တင်ဘာလရဲ့ အကောင်းဆုံးသွင်းဂိုးဆုကို ရရှိခဲ့ပါတယ်။ လက်ရွေးစင်အသင်းမှာ ရွေးချယ်မခံရတဲ့ စတားရစ်ဟာ လီဗာပူးအသင်းနဲ့ လေ့ကျင့်ရေး ကောင်းကောင်း ဆင်းနေတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းရဲ့ အားထားရတဲ့ ကွင်းလယ်ကစားသမား အိုဇေးဟာ အသင်းထရိန်နင် အပြည့်အ၀ ပြန်လည်ဆင်းနိုင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အိုဇေးက နောက်ကျောနာကျင်မှု ရှိနေတာကြောင့် ပြီးခဲ့တဲ့ ဖူလ်ဟမ်ကို ဂိုးပြတ်နိုင်တဲ့ပွဲကို လွဲချော်ထားပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ အကြမ်းတမ်းဆုံးအသင်းအဖြစ် ထိပ်ဆုံးမှာရှိနေတဲ့အသင်းက အာဆင်နယ်ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပြိုင်ဘက်အသင်းသားတွေကို ပြစ်ဒဏ်ဘော 103 ကြိမ် ကျူးလွန်ခဲ့ပြီး အာဆင်နယ်ကွင်းလယ်လူ ဇာခါတစ်ဦးတည်းတင် 14 ကြိမ်ထိရှိတယ်လို့ သိရပါတယ်။

အာဆင်နယ်ကွင်းလယ်ကစားသမား ရမ်ဆေးဟာ အသင်းနဲ့ သက်တမ်းတိုးကိစ္စတွေ ထပ်မံလုပ်ဆောင်လာတာမျိုး မရှိပေမယ့် နွေအပြောင်းအရွှေ့မှာ ကလပ်အသင်းက ထွက်ခွာမှာ မဟုတ်ဘူးလို့ အတည်ပြုလိုက်ပါတယ်။ ရမ်ဆေးက သက်တမ်းတိုးကိစ္စက ကလပ်အသင်းနဲ့ပဲ သက်ဆိုင်ပြီး သူကတော့ အမ်မရီနဲ့အတူ အောင်မြင်မှုတွေရဖို့ ကြိုးစားမယ်ဆိုတဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

အင်္ဂလန် U21 လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခေါ်ယူခြင်း ခံရတဲ့ မန်စီးတီး လူငယ်ကွင်းလယ်ကစားသမား ဖီးလ် ဖိုဒန်က ဒေးဗစ်ဆေးလ်ဗားကို အတုယူပြီး ၄င်းကဲ့သို့ ကစားနိုင်အောင် ကြိုးစားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒေးဗစ်ဆေးလ်ဗားက ကစားသမားကောင်း တစ်ယောက်ဖြစ်ပြီး သူကစားတာကို ကြည့်ရင်း ကျေနပ်အားကျခဲ့ရကြောင်း ဖိုဒန်က ၀န်ခံစကားဆိုပါတယ်။

မန်စီးတီး လူငယ်ကွင်းလယ်တိုက်စစ်သမား ဇီချန်ကို နာပိုလီအသင်းဆီ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုများ တံခါးဖွင့်ထားကြောင်း ကစားသမား အေးဂျင့်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မန်စီးတီးအသင်းနဲ့ အတူ ကစားခွင့် နည်းပါးနေတဲ့အတွက် ယခင်နှစ်ကကော ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလတုန်းကပါ တစိုက်မတ်မတ် ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ နာပိုလီအသင်းဘက် ဇီချန်ကိုတစ်ယောက် ပြောင်းရွှေ့ချင်ပုံ ရပါတယ်။

ဒေါ့မွန်အသင်းမှာ ယခု ခြေစွမ်းပြနေပြီ ဖြစ်တဲ့ ဆန်ချိုရဲ့ အရည်အချင်းကို ယခင်တည်းက သတိထားမိပြီး မန်စီးတီးအသင်းမှာ ပွဲကစားခွင့်မရဘဲ တိမ်မြုပ်သွားမည်ကို စိုးရိမ်ခဲ့ဖူးကြောင်း အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းကြီး ပေါလ်အင့်စ်က ထုတ်ဖော်ပြောဆိုထားပါတယ်။ နိုင်ငံပြင်ပထွက်ကစားဖို့ စွန့်စားခဲ့တဲ့ ဆန်ချိုဟာ ဂျာမနီမြေမှာ ခြေစွမ်းပြနေပြီး ဒီတစ်ပတ်မှာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပါဝင်ဖို့ပါ ရွေးချယ်ခံထားရပါတယ်။