မန်ယူတိုက်စစ်မှူး လူကာကူက သူ့ရဲ့ အပြောင်းအရွှေ့ ကိစ္စနဲ့ ပက်သက်ပြီး သတင်းတွေ အများအပြား ထွက်ပေါ်နေချိန်မှာပဲ လာမယ့် ရာသီ အသင်းမှာ ဆက်ရှိနေဖို့ မသေချာသေးကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လူကာကူဟာ မကြာသေးခင်ကပဲ အီတလီမှာ ကစားရဖို့က သူ့ရဲ့ အိပ်မက်တစ်ခုဖြစ်ခဲ့တယ်လို့ ထုတ်ဖော်ထားခဲ့ပါတယ်။ ဂျူဗင်တပ်စ်နဲ့ အင်တာမီလန်တို့ဟာ လူကာကူကို ခေါ်ယူဖို့အတွက် ပြင်ဆင်နေပေမယ့် လူကာကူရဲ့ တစ်ပတ်လုပ်ခ များပြားမှုက အဆိုပါ အသင်းတွေအတွက် အတားအဆီးတစ်ခု ဖြစ်လာနိုင်ပါတယ်။

မန်ယူဘက်ကတော့ လူကာကူအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ လောက်ရရင် လက်လွတ်မယ်လို့ သိထားရပြီး အသင်းကနေ ထွက်ခွာခွင့် ပြုပြီးခဲ့ရင် အသင်းဟောင်း အဲဗာတန်ကို ပေါင် ၅ သန်း ပေးရဖို့လည်း ရှိနေပါတယ်။

လူကာကူက ” လာမယ့်ရာသီ မန်ယူမှာ ဆက်ရှိမလား မသိသေးပါဘူး။ ဒီအတော်အတွင်း ထွက်ပေါ်နေတဲ့ ကောလဟာလတွေကို ဖြေရှင်းသွားမှာ မဟုတ်ပါဘူး။ ကျနော်မှာ ကလပ်အသင်းနဲ့ စာချုပ် ရှိနေပါသေးတယ် ” လို့ ပြောခဲ့ပါတယ်။

တိုက်စစ်မှူး လူကာကူဟာ အသင်းမှာ အံဝင်တဲ့ကစားသမား မဟုတ်ဘူးလို့ စွပ်စွဲခံနေရသူဖြစ်ပြီး ခံစစ်မှူးဟောင်း ဂယ်ရီနဗီးလ်ကတော့ အသင်းဟောင်းဟာ တိုက်စစ်သမားနဲ့ ပတ်သက်လို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ရတော့မယ်လို့ ဆိုထားပါတယ်။

ထင်မြင်ပြောဆိုချက်တွေအရ ဘယ်လ်ဂျီယံသား တိုက်စစ်သမား လူကာကူဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ မန်ယူရဲ့ အရောင်းစာရင်းထဲမှာ ပါဝင်လာနိုင်ပြီး စီးရီးအေကလပ် တစ်သင်းသင်းထံ ရောက်နိုင်တယ်လို့ သိရပါတယ်။