အာဆင်နယ်အသင်း အကယ်ဒမီနည်းပြ မာတီဆက်ကာက သူဟာ ဘွန်ဒက်လီဂါကလပ် ဟန်နိုဗာအသင်းထံက ကမ်းလှမ်းမှုရခဲ့ပေမယ့် အာဆင်နယ်မန်နေဂျာဟောင်း အာဆင်ဝင်းဂါးရဲ့ တိုက်တွန်းမှုအရ ကလပ်အသင်းအကယ်ဒမီမှာ လူငယ်ကစားသမားတွေကို နည်းပြဖို့တာဝန်ကို ယူဆောင်ခဲ့တာပါလို့ ထုတ်ဖော်ပြောဆိုပါတယ်။

အာဆင်နယ်ကစားသမားဟောင်းဖြစ်တဲ့ ပီရက်စ်က သီယာရီ အွန်နရီဟာ မိုနာကိုမှာ မန်နေဂျာအဖြစ် အောင်မြင်မှုတွေ ရရှိလိမ့်မယ်လို့ ထောက်ခံပြောဆိုလိုက်ပါတယ်။ အွန်နရီဟာ ဘောလုံးအကြောင်းကို နောကျေသူဖြစ်လို့ ကလပ်အသင်းမန်နေဂျာအဖြစ် ပထမဆုံးအကြိမ် လုပ်ကိုင်မှုမှာ အောင်မြင်မှုတွေ ရှာဖွေနိုင်မယ်အကြောင်း ပီရက်စ်က သုံးသပ်ခဲ့တာပါ။

အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာဖို့အတွက် အိုဇေးရဲ့ တိုက်တွန်းမှု အများကြီးပါပါတယ်လို့ ဂိုးသမား လီနိုက သတင်းပေးလာပါတယ်။ သူတို့နှစ်ဦးက သက်တမ်းအလိုက်တွေမှာ လက်ရွေးစင်အတွက် အတူတွဲကစားခဲ့ဖူးပြီး အာဆင်နယ်က ကလပ်အသင်းကြီးဖြစ်ကာ ပရီးမီးယားလိဂ်ကို ပြောင်းလာခဲ့ရင် စိတ်လှုပ်ရှားရမယ်လို့ အိုဇေးက တိုက်တွန်ခဲ့ကြောင်း လီနိုက ပြန်လည် ဖောက်သည်ချခဲ့ပါတယ်။

လီဗာပူးခံစစ်သမား ဗန်ဒိုက်က ကလပ်အသင်းဟာ တိုက်စစ်ပိုင်းမှာ ထက်မြက်မှုရှိပြီး သွင်းဂိုးတွေကို ရယူပေးနိုင်စွမ်းရှိတာကြောင့် ခံစစ်ပိုင်းမှာ ဂိုးမပေးရအောင် အာရုံစိုက်မယ်ဆိုရင် နိုင်ပွဲရယူနိုင်မယ်ဆိုတာ နားလည်ခဲ့တယ်လို့ ပြောဆိုပါတယ်။ ခံစစ်ပိုင်းအတွက်တော့ တစ်ဦးတစ်ယောက်တင်မကပဲ ဆာလက်ကနေ အယ်လီဆန်ထိ တစ်သင်းလုံး အတူတကွ ကြိုးစားကြတာပါလို့ ထပ်လောင်းပြောပြလာပါတယ်။

လီဗာပူးအသင်းဟာ ရမ်ဆေးအတွက် အာဆင်နယ်က မပေးတဲ့ လုပ်ခမျိုးကို အန်ဖီးကလပ်မှာ ပေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ရမ်ဆေးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လာမယ့်နွေမှာ ခေါ်ယူလိုတဲ့ ကလပ်အသင်းတွေက အများအပြားရှိပေမယ့် အလေးအနက် လုပ်ရှားမှုတွေက အန်ဖီးဘက်ကဖြစ်တယ်လို့ အင်္ဂလန်သတင်းတွေက ဖော်ပြပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်ရဲ့ လီဗာပူးကို ကိုင်တွယ်တဲ့ပွဲတွေထဲမှာ အကောင်းဆုံးပွဲအဖြစ် 2018 ဇန်နဝါရီမှာ မန်စီးတီးကို 4-3 နဲ့ အနိုင်ရတဲ့ပွဲက ပရိသတ်တွေ မဲပေးမှုအများဆုံးအဖြစ် ထိပ်ဆုံးမှာရှိနေပါတယ်။ မကြာသေးခင်က ကလပ်အသင်းကို တာဝန်ယူမှု သုံးနှစ်ပြည့်ခဲ့တဲ့ ယာဂင်ကလော့ပ်လက်ထက် အကောင်းဆုံး ပွဲ 5 ပွဲကို မဲပေးခဲ့ကြပြီး အဆိုပါပွဲက ပထမနေရာမှာ ရှိနေခဲ့တာပါ။

ချဲလ်ဆီးတောင်ပံသမား ဟာဇက်က မန်နေဂျာဆာရီလက်အောက်မှာ အလုပ်လုပ်နေရတာကို ပျော်ရွှင်ကျေနပ်တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။ ကုန်လွန်ခဲ့တဲ့ သီတင်းပတ်တွေမှာ ရီးရဲမက်ဒရစ်အကြောင်း မကြာခဏ ပြောဆိုခဲ့ပေမယ့် လာလီဂါကလပ်က သူ့အပေါ် လွှမ်းမိုးနေမှုကို ရပ်တန့်ပြီး ကလပ်အသင်းအတွက် အာရုံစိုက်ပါတော့မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ချဲလ်ဆီးအသင်းမှာ အရေးပါတဲ့ အသင်းသားအဖြစ် သက်မှတ်ခံရခြင်းမရှိတဲ့ လော့တပ်ချိစ်ကို ပဲလေစ့်အသင်းက လက်ကမ်းကြိုဆိုနေကြောင်း မန်နေဂျာဟောင်ဆန်က ထုတ်ဖော် ပြောဆိုပါတယ်။ ကလပ်အသင်းမှာသာမက၊ လက်ရွေးစင်အသင်းမှာပါ နေရာမရတဲ့နောက် အင်္ဂလန်ကွင်းလယ်လူဟာ ဇန်နဝါရီမှာ ပဲလေစ့်ထံ အဌားထွက်လိုနေတယ်လို့ သိထားရတယ်။

အီတလီသား မန်နေဂျာကြီးဆာရီက အီတလီဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမား အီတလီကစားသမား သုံးဦးအကြောင်းကို ပရီးမီးယားလိဂ် ပရိသတ်တွေ သိရစေဖို့ မျှဝေမှု ပြုလုပ်လာခဲ့ပါတယ်။ သူတို့တွေ နာပိုလီမှ Lorenzo Insigne ၊ ဂျူဗင်တပ်မှ Federico Bernardeschi နဲ့ ဖီအိုရင်တီးနားမှ Federico Chiesa တို့ဖြစ်ကြပါတယ်။

ယူနိုက်တက်အသင်း ကစားသမားဟောင်းကြီး အန်ဒီကိုလ်းက အသင်းဖော်ဟောင်းဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းဟာ ခရစ္စတီယာနို ရော်နယ်ဒိုလောက် ကောင်းမွန်မှုရှိသူလို့ ထုတ်ဖော်ချီးကျူးလိုက်ပါတယ်။ သူတို့နှစ်ဦးဟာ ယူနိုက်တက်မှာ အတူ တွဲကစားခဲ့ပေမယ့် 2001 မှာတော့ ကိုလ်းက ဘလက်ဘန်းအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်မန်နေဂျာမော်ရင်ညိုဟာ ဆားဘီးယားအသင်းနဲ့ မွန်တီနီဂရိုးနဲ့ပွဲမှာ ဆာဗစ်တစ်ဦးတည်းတင်မကပဲ မီလန်နိုဗစ်ကိုပါ စောင့်ကြည့်မှုပြုလုပ်ခဲ့တာလို့ မော်ရင်ညိုနဲ့ ရင်းနှီးတဲ့ အတွင်းပိုင်းသတင်းတွေက ဖော်ပြလာပါတယ်။ အသက် 21 နှစ်အရွယ်ပဲ ရှိသေးတဲ့ ခံစစ်သမား မီလန်နိုဗစ်ဟာ စီးရီးအေမှာ တောက်ပတဲ့ခြေစွမ်းတွေ ပြလာနိုင်သူဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ မက်ဆီကို ဘာစီလိုနာ ပေးနေတဲ့ လစာထက် 3 ဆ တိတိ ပေးပြီး ကမ်းလှမ်းခဲ့ဖူးကြောင်း စီးတီး ဥက္ကဌ Khaldoon al Mubarak က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ၄င်းက UAE မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ မန်စီးတီး ပရိသတ်တစ်ဦးက မက်ဆီကိုမခေါ်ဘူးလားဆိုတဲ့ အမေးကို ဖြေကြားပေးခဲ့တာ ဖြစ်ပါတယ်။ 2016 ခုနှစ်က မန်စီးတီးအသင်း မက်ဆီကို ကမ်းလှမ်းခဲ့ဖူးတယ်ဆိုတာ အမှန်တကယ်ပါ။

ပေါ်တူဂီအသင်း မန်နေဂျာ ဆန်းတို့စ်က မန်စီးတီးကွင်းလယ်ကစားသမား ဘာနာဒို ဆေးလ်ဗားနဲ့ ဘက်ဆစ်တက် ခံစစ်မှူး ပီပီတို့ကို စကော့တလန်နဲ့ ပွဲအတွက် ဆက်လက် ခေါ်မထားဘဲ မိခင်ကလပ်အသင်းများဆီ စောစီးစွာ ပြန်ခွင့် ပြုလိုက်ပါတယ်။

စက်တင်ဘာလအတွက် Etihad Player of the Month ဆုကို တိုက်စစ်မှူး အဂွယ်ရိုက ရရှိသွားပါတယ်။ ဒုတိယကတော့ စတားလင်းနဲ့ တတိယနေရာမှာ ဆာနေးတို့ အသီးသီး မဲပေးခံခဲ့ရပါတယ်။

ရမ်ဆေးရဲ့အေးဂျန့်က ကစားသမားဟာ မန်ချက်စတာယူနိုက်တက်ထံ ပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။ သူကပဲ လက်ရှိအချိန်မှာ ယူနိုက်တက်က ရမ်ဆေးရဲ့ အပြောင်းအရွှေ့ကိစ္စမှာ ကြားဝင်လာခြင်း လုံးဝမရှိကြောင်းနဲ့ ရာသီကုန်မှာတော့ ဘာဖြစ်မယ် မပြောနိုင်ပါဘူးလို့ ပြောဆိုပါတယ်။

ဝက်ဟမ်းကစားသမား Robert Snodgrass ဟာ ဒဏ်ရာပြသနာကြောင့် စကော်တလန်အသင်းကနေ နုတ်ထွက်ခဲ့ပါပြီ။ ဒါကြောင့် လာမယ့်အပတ် တော်တင်ဟမ်နဲ့ ရင်ဆိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲကို လွဲချော်သွားနိုင်တယ်လို့ သိရပါတယ်။

ခရိုအေးရှား ကစားသမား ပရီဆစ်က သူ့ရဲ့အကောင်းဆုံးအသင်းမှာ တော်တင်ဟမ်မှ အဲရစ်ဆန်နဲ့ ဟယ်ရီကိန်းတို့ကိုပါ ရွေးချယ်သွားပါတယ်။ အဲရစ်ဆန်ရဲ့ တည်ကန်ဘော အထူးကျွမ်းကျင်မှုကို ပရီဆစ်က သဘောတွေ့ပြီး အဆုံးသတ်ပိုင်းမှာတော့ ဟယ်ရီကိန်းက အကောင်းဆုံးလို့ သူက ပြောဆိုခဲ့တာပါ။

စက်တင်ဘာလ ပရီးမီးယားလိဂ်-2 ရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ တော်တင်ဟမ် ယူ-23 ကစားသမား အိုလီဗာစကစ်က ရရှိသွားပါတယ်။ အသက် 18 နှစ်အရွယ်ပဲ ရှိသေးတဲ့ လူငယ်ကစားသမားလေးဟာ လာမယ့်နှစ်အနည်းငယ်အတွင်း ပရီးမီးယားလိဂ်ထံ ခြေချလာမယ်လို့လည်း ထင်ကြေးပေးခံထားရသူဖြစ်တယ်။