တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားတဲ့ ယူနိုက်တက်နဲ့ ချယ်ဆီးပွဲမှာ တိုက်စစ်မှူးမာရှယ်ရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ အပြုအမှုနဲ့ ပက်သက်ပြီး မန်နေဂျာဆိုးရှားက ဒေါသထွက်နေတယ်လို့ သိရပါတယ်။

ပွဲကြိုအတွက် သွေးပူလေ့ကျင့်ရေး ပြန်လုပ်နေစဉ်မှာ မာရှယ်ဟာ လက်နောက်ပစ်ထားပြီး ဘောလုံးပေါ်ကို ခြေတစ်ဘက်တင်ကာ လေ့ကျင့်ရေးတွေ ပြုလုပ်ခဲ့ခြင်းမရှိတဲ့ အနေအထားကို လူမှုကွန်ယက်တွေကနေ ဝေဖန်နေခဲ့ကြတာဖြစ်တယ်။ မာရှယ်က နောက်ကျောနာကျင်နေခြင်းကြောင့်လို့ အကြောင်းပြပေမယ့် ဆိုးရှားက ကစားသမားရဲ့ အနေအထားကို ပျော်ရွှင်ခြင်း မရှိပါဘူး။

ဆိုးရှားကတော့ အဆိုပါပွဲမှာ ပြင်သစ်သားရဲ့ အပြုအမှုတွေနဲ့ ပက်သက်ပြီး အသင်း အဝတ်လဲခန်းအတွင်းက အသင်းဖော်တွေရှေ့မှာပဲ ပြစ်တင်ခဲ့တယ်လို့ သိရပါတယ်။ မာရှယ်ဟာ နောက်ပိုင်းပွဲတွေမှာ ယူနိုက်တက်အတွက် အကျိုးသက်ရောက်မှုကောင်းတွေ နည်းပါးလာနေတဲ့ တိုက်စစ်သမားတစ်ဦးလည်းဖြစ်တယ်။

အသက် 23 နှစ်အရွယ် တိုက်စစ်သမားကို ဒေါသထွက်နေတာက မန်နေဂျာတင် မဟုတ်ပဲ အသင်းပရိသတ်တွေကပါ သူ့ကို ဝေဖန်နေကြပါတယ်။ ပွဲချိန် 65 မိနစ်မှာ ပုခုံးဒဏ်ရာ ရရှိသွားတဲ့ ရပ်ဖိုဒ့်နေရာမှာ အစားထိုးဖို့ရာ မာရှယ်အစား အခြားတိုက်စစ်သမား ဆန်းချက်စ်ကိုပဲ အခွင့်အရေး ပေးခဲ့တာဖြစ်တယ်။

မော်ရင်ညိုလက်ထက်မှာ ပေါ်တူဂီသားက မာရှယ်ကို ရောင်းထုတ်လိုပေမယ့် ကလပ်အသင်းက မရောင်းထုတ်လိုပဲ အသင်းမှာ ဆက်ရှိနေခဲ့တယ်။ နောက်ပိုင်းမှာ မာရှယ် ခြေစွမ်းပြန်ပြလာလို့ မော်ရင်ညိုက ပွဲထွက်ခွင့်တွေ ပြန်ပေးခဲ့ပြီး ဆိုးရှားလက်ထက်မှာတော့ သက်တမ်းတိုးကိစ္စ အောင်မြင်ခဲ့တာဖြစ်တယ်။

ယူနိုက်တက်ဟာ ဇန်နဝါရီလ အကုန်ပိုင်းတုန်းက မာရှယ်ကို ကာလရှည် သက်တမ်းတိုးခဲ့ပြီး အဲ့သည်နောက်ပိုင်း ပြင်သစ်သားရဲ့ အကောင်းဆုံးခြေစွမ်းတွေကို မမြင်ရတာ ကြာခဲ့ပါပြီ။ ဆိုးရှား ကနဦးတာဝန်ယူတဲ့ ဒီဇင်ဘာလတုန်းက တိုက်စစ်မှာ အသင်းဖော် ရပ်ဖိုဒ့်၊ လင်ဂတ်တို့နဲ့အတူ တွဲဘက်ပြီး အကောင်းဆုံး စွမ်းဆောင်ပြခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အသင်းကို ကူညီပေးနိုင်စွမ်း အားနည်းလာခဲ့ပါတယ်။

ကလပ်အသင်းအတွက် အရေးကြီးတဲ့ ရာသီသိမ်းကာလတွေမှာ ခြေစွမ်းပြသနိုင်ခြင်း မရှိတဲ့ မာရှယ်ဟာ ဆိုးရှားရဲ့ ဒေါသနဲ့ပါ ရင်ဆိုင်လာနေရပြီ ဖြစ်ပါတယ်။