မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပီအက်စ်ဂျီအသင်းမှ ဥရုဂွေးသား တိုက်စစ်မှူး ကာဗာနီကိုခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။ အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူး ကာဗာနီဟာ နာပိုလီအသင်းမှာ အကောင်းဆုံးခြေစွမ်းပြ ကစားခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့လာခဲ့တာပါ။ ကာဗာနီဟာ ပီအက်စ်ဂျီရဲ့ အဓိကတိုက်စစ်မှူးတစ်ဦးအဖြစ် ပါဝင်ကစားနေပေမယ့် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားချင်ကြောင်း စကားဟထားပါတယ်။

မန်ယူအသင်းမှာ တိုက်စစ်မှူး လူကာကူ၊ ဆန်းချက်ဇ်တို့က အကောင်းဆုံး ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ နောက်ရာသီ အသင်းမှာ ဆက်ရှိဖို့လည်း မသေချာ ဖြစ်နေဆဲပါ။ ဒါကြောင့် မန်ယူက အားနည်းနေတဲ့ တိုက်စစ်အတွက် ကစားသမားကောင်း ရှာဖွေရမှာ ဖြစ်ပါတယ်။

ကာဗာနီကို အသင်းဟောင်း နာပိုလီအသင်းကလည်း ပန်ခေါ်ဖို့ စိတ်ဝင်စားပေမယ့်လည်း ၄င်းရဲ့ မြင့်မားတဲ့ လစာကြောင့် အခက်တွေ့ နေပါတယ်။ မန်ချက်စတာ ယူနိုက်တက်က ကာဗာနီကို ခေါ်ယူချင်ရင်တော့ ချယ်ဆီးအသင်းနဲ့ အဓိကယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လူကာကူကိုလည်း ထုတ်ရောင်းရဖွယ် ရှိပါတယ်။

ကာဗာနီဟာ ပီအက်စ်ဂျီအသင်းမှာ လာမယ့် ၂၀၂၀ ပြည့်နှစ်အထိ သက်တမ်းရှိနေပါတယ်။ ပီအက်စ်ဂျီအသင်းကတော့ ကာဗာနီကို ရောင်းချဖို့ထက် အသင်းမှာ ဆက်ထိန်းထားဖို့သာ ဆန္ဒရှိနေတာပါ။ ကာဗာနီဟာ ဒီနှစ်ဘောလုံးရာသီမှာ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနေပြီး ၂၉ ပွဲကစားထားရာမှာ ၂၂ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်ထားပါတယ်။