နယ်သာလန် လူငယ်ကစားသမားလေး ဒီလင်ကို ဘာစီလိုနာထက် မန်ယူကိုသာ ဦးစားပေးရွေးချယ်ဖို့ သူ့ရဲ့အေးဂျင့်ဖြစ်သူ ရိုင်အိုလာက ဆန္ဒရှိနေကြောင်း စပိန်သတင်းတွေမှာ ဖော်ပြလာပါတယ်။

အသက် ၁၉ နှစ်အရွယ် နယ်သာလန်လက်ရွေးစင် ဒီလစ်ဟာ ဒီရာသီမှာ အေဂျက်နဲ့အတူ အထူးခြေစွမ်းပြနေပြီး ဥရောပအသင်းကြီးတွေရဲ့ ထိပ်တန်ပစ်မှတ်ဖြစ်လာနေတယ်။ မနက်က ယှဉ်ပြိုင်ကစားတဲ့ စပါးကို ၀-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပ-အကျော့အဝေးကွင်းပွဲမှာလည်း အကောင်းဆုံးပုံစံနဲ့ ပေးဂိုးမရှိကစားနိုင်ခဲ့ပါတယ်။

ဒီလစ်ဟာ အသက် ၁၆ နှစ်အရွယ်မှာတင် အေဂျက်အတွက် စတင်ကာ ကစားပေးမှုတွေ လုပ်လာခဲ့ပြီး လက်ရှိမှာ ပြိုင်ပွဲစုံ 108 ပွဲထိ ကစားပေးထားပြီလည်းဖြစ်တယ်။ ဒီရာသီ ပြည်တွင်း ပြည်ပမှာ ပြသနေတဲ့ အေဂျက်ရဲ့ ခြေစွမ်းနဲ့ ဒီလစ်ရဲ့ ဦးဆောင်နိုင်မှုတွေကြောင့် နယ်သာလန်သားလေးဟာ ဥရောပရဲ့ ထိပ်တန်း ဗဟိုခံစစ်သမား ဖြစ်လာမယ်လို့ အမှတ်ကောင်းပေးခြင်း ခံထားရသူဖြစ်ပါတယ်။

နယ်သာလန်ကလပ် အေဂျက်ရဲ့ မန်နေဂျာဖြစ်သူက ကလပ်အသင်းရဲ့ အသင်းခေါင်းဆောင်နဲ့ ဗဟိုခံစစ်မှူး ဒီလစ်ဟာ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာပြီး ဥရောပ အင်အားကြီး ကလပ်တစ်သင်းထံ ပြောင်းရွှေ့မယ်ဆိုတာ မှန်ကန်ပါကြောင်း ထုတ်ပြောထားခဲ့ပြီး ကစားသမားက ဘယ်အသင်းကို ရွေးမလဲ မသိရသေးပါဘူး။

အေဂျက်မန်နေဂျာက “ အေဂျက်မှာ ဒီလစ် ဆက်နေဖို့က ဇီးရိုး ရာခိုင်နှုန်းပဲ ရှိပါတော့တယ်။ သူ့ကို ကလပ်အသင်း အများအပြားက စိတ်ဝင်စားနေပြီး ဒီနွေမှာ အသင်းကနေ ထွက်ခွာသွားတော့မှာပါ။ ဒါပေမယ့် သူ ဘာစီလိုနာ (သို့) ဘိုင်ယန်မြူနစ် ဘယ်အသင်းကို ပြောင်းမလဲဆိုတာ ကျနော်တို့ မသိသေးပါဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဘာစီလိုနာဟာ လာမယ့်နွေရာသီမှာ အေဂျက်ကွင်းလယ်လူ ဒီဂျောင်ကို ခေါ်ယူဖို့ ဇန်န၀ါရီလက သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ဒီလစ်ကိုပါ ဆက်လက်ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေတယ်။ ကစားသမားကိုယ်တိုင်က နယ်သာလန်အသင်းဖော် ဒီဂျောင်နဲ့ ဆက်လက်တွဲကစားလိုနေသလို မက်ဆီနဲ့လည်း တစ်သင်းတည်းတွဲကစားလိုနေပါတယ်။

ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ရိုင်အိုလာကတော့ နယ်သာလန်ကနေ ဒီလစ် ထွက်ခွာမယ်ဆိုရင် ဘာစီလိုနာထက် မန်ယူကိုပဲ ပြောင်းရွှေ့စေလိုနေတယ်။ မန်ယူဟာ မော်ရင်ဟို လက်ထက်မှာကတည်းက ဗဟိုနောက်ခံလူတစ်ဦးခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပြီး နွေရာသီမှာ ခံစစ်ပိုင်းကို မဖြစ်မနေပြင်ဆင်လာဖွယ်ရှိနေပါတယ်။

ရိုင်အိုလာဟာ ဘာစီလိုနာအသင်းရဲ့ အရေးကြီး ပုဂ္ဂိုလ်တွေနဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေးရှိနေတာကြောင့် မန်ယူအနေနဲ့ ကစားသမားလေးကို အလိုရှိတယ်ဆိုရင် ခပ်သွက်သွက်လေး အလုပ်လုပ်ဖို့ လိုမှာဖြစ်ပါတယ်။