ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ မန်ယူအသင်းရဲ့ အခြေအနေက ရှက်စရာကောင်းနေပြီး ကစားသမားကောင်းတွေခေါ်ဖို့ ခက်ခဲသွားလိမ့်မယ်လို့ ပေါမာဆန်က ဝေဖန်လိုက်ပါတယ်။

အိုးထရက်ဖို့ဒ်မှာတင် ချယ်ဆီးကို သရေကျလိုက်တာက မန်ယူကို အဆင့် ၄ နေရာ အပြင်မှာ ဆက်ရှိ နေစေခဲ့ပြီး ချယ်ဆီးကတော့ သုံးမှတ်အသာနဲ့ အဆင့် ၄ နေရာမှာ တင်ကျန်နေခဲ့ပါတယ်။ မတ်လနှောင်းပိုင်းမှာ မန်ယူ အမြဲတမ်းမန်နေဂျာ အဖြစ် စတင်တာဝန်ယူလိုက်တည်းက ဆိုးရှားရဲ့ အသင်းဟာ ကစားထားတဲ့ ၈ ပွဲမှာ ၂ ပွဲသာ နိုင်ထားပြီး ၅ ပွဲ ရှုံးကာ ၆ ဂိုးသာ သွင်းထားတဲ့အထိ အခြေအနေ ကျဆင်းသွားခဲ့ပါတယ်။

စကိုင်းစပေါ့ ဆွေးနွေးခန်းမှာ ပေါမာဆန်က လာမယ့်နွေမှာ မန်စီးတီး၊ လီဗာပူးတို့က ယူနိုက်တက်ထက် အသာရတော့မှာ ဖြစ်တယ်လို့ ဆိုလိုက်ပြီး အိုးထရက်ဖို့ဒ် အခြေစိုက် ကလပ်အသင်း အနေနဲ့ အစွမ်းကုန် ထုတ် ကြိုးစားနိုင်စွမ်းကော ရှိရဲ့လားလို့ မေးခွန်းထုတ်လိုက်ပါတယ်။

ပေါမာဆန်က ” ကျနော် မန်ယူအသင်းကို တောက်လျှောက် စောင့်ကြည့်နေတာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် တော်တော် နေရခက်တဲ့ အနေအထားပဲ ရှက်စရာကောင်းတယ် တကယ့် ရှက်ဖွယ်လိလိပါ။ မန်ချက်စတာယူနိုက်တက် အနေနဲ့ ချန်ပီယံလိဂ် ၀င်ခွင့် ရဖို့ လိုပါတယ်။

ကစားသမားတွေကတော့ ဒီအခြေအနေကို ကြည့်ပြီး သူတို့ ပြိုင်ဘက် မန်စီးတီး၊ လီဗာပူးတို့နဲ့ မိုင် တစ်သန်းလောက် ကွာနေပြီလို့ တွေးနေလောက်ပါပြီ။ မ်ာရင်ညိုကို ကြည့်လိုက်ရင် ထွက်ခွာသွားချိန်မှာ သူ စိတ်သက်သာရာ ရသွားခဲ့မှာပဲ။ သူက ဆိုးရှား ဒီကွာဟာချက်ကို ဘယ်လို ဖြေရှင်းမလဲတောင် တွေးကောင်းတွေးခဲ့လိမ့်မယ်။ လီဗာပူးက တရိပ်ရိပ်တက်နေတာ မော်ရင်ညို ကြည့်နေခဲ့မှာပါ။

ကျနော့် အမြင်တော့ မန်ချက်စတာ ယူနိုက်တက်က ကမ္ဘာ့ အကြီးဆုံးကလပ်အသင်း တစ်သင်းပါ။ ဒါပေမယ့် ကျနော်သာ ထိပ်သီးကစားသမားဆို အဲဒီကို သွားဖို့ထက် တခြားနေရာကို ရှာကြည့်မိမှာပါ။ ‘ဒီအသင်းက မန်စီးတီး၊ လီဗာပူးတို့လောက် လိုက်နိုင်ပါဦးမလား’ တောင် တွေးမိနေလိမ့်မယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ နွေရာသီ ကစားသမား စီမံခန့်ခွဲရေး အစီအစဉ်များကလည်း သေချာ မစီမံနိုင်သေးဘဲ ပေါ့ဘာနဲ့ ဒီဂီယာ ထွက်ခွာမယ့် သတင်းများက ပိုစိတ်လာခဲ့ပါတယ်။

ပေါမာဆန်ကတော့ အလားအလာရှိ လူငယ်ကစားသမားတွေကိုသာ ရအောင် ခေါ်ယူဖို့ တိုက်တွန်းလိုက်ပြီး ချယ်ဆီးရဲ့ အိုဒွိုင်း၊ ဒေါ့မွန်မှ ဆန်ချိုတို့ကို အရခေါ်ယူသင့်တယ်လို့ အကြံပြုခဲ့ပါသေးတယ်။