ဒီရာသီ ပရီးမီးယားလိဂ် ဆုဖလားအတွက် ပြိုင်ဆိုင်မှုတွေ ပြင်းထန်သလို မန်ချက်စတာစီးတီးနဲ့ လီဗာပူးတို့ရဲ့ ပြိုင်ဆိုင်မှုတွေဟာလည်း ရာသီတစ်ခုလုံး အံအားသင့်ဖွယ်ရာတွေနဲ့ ပြည့်နှက်နေခဲ့တာပါ။ ဒါပေမယ့် ချန်ပီယံဖြစ်ခွင့်ဟာ တစ်သင်းသာ ရရှိမယ့် အခွင့်အရေးဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ ဂန္တ၀င်ကွင်းလယ်ကစားသမားဟောင်း ပေါစခိုးကတော့ လီဗာပူးအသင်းရဲ့ အမှတ်ပေးဖလားအိပ်မက် အတွက် ပြိုင်ဘက်အသင်းရဲ့ ခြေချော်မှုကို စောင့်နေရတဲ့ လက်ရှိအနေအထားဟာ မန်ယူကို သရေကျခဲ့တဲ့အတွက်ကြောင့်လို့ ပြောကြားလိုက်ပါပြီ။

စခိုးက “ လီဗာပူးအသင်းရဲ့ အကြီးမှားဆုံး အမှားတစ်ခုကတော့ အိုးထရက်ဖိုဒ့်မှာ သရေကျခဲ့တာကြောင့်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီပွဲမှာ မန်ယူရဲ့ အဓိက ကစားသမား ဘယ်လောက်တောင် မပါဝင်နိုင်လဲ အားလုံးသိကြပါတယ်။ မန်ယူကစားသမား သုံးယောက်တောင် အဲဒီပွဲမှာ ဒဏ်ရာရသွားခဲ့တာပါ။

လီဗာပူးအသင်း အဲဒီနေ့မှာ တကယ့်ကို ညံ့ဖျင်းခဲ့ပါတယ်။ မန်စီးတီးက အိုးထရက်ဖိုဒ့်ကို လာရောက်ချိန်မှာ ဘယ်လိုကွာခြားခဲ့တယ်ဆိုတာ အားလုံးမြင်တွေ့ခဲ့ကြပါတယ်။ မန်စီးတီးက ထိပ်တန်း ခြေစွမ်းတွေနဲ့ပါ။ လီဗာပူးကတော့ အိုးထရက်ဖိုဒ့်မှာ ရှုံးလုနီးပါးတောင် ဖြစ်ခဲ့ပါသေးတယ်။ “ လို့ ပြောကြားသွားခဲ့တာပါ။

ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိတဲ့ ပရီးမီးယားလိဂ်ရဲ့ ထုံးစံအတိုင်း နောက်ဆုံးပွဲအထိတော့ ဘာတွေ ဖြစ်လာမယ်ဆိုတာ မရေရာသေးပါဘူး။ ဒါပေမယ့် လီဗာပူးအသင်းသာ ယခုနှစ်ရာသီ ဆုဖလားကို မသိမ်းပိုက်နိုင်ခဲ့ပါက ခါးသီးပြိုင်ဖက်နဲ့ သရေရလာဒ်ဟာ နာကျင်စရာ ခြောက်အိပ်မက်ကြီးအဖြစ် အချိန်အတော်ကြာ ရှိနေမှာ ဖြစ်ပါတယ်။