ယူနိုက်တက်နဲ့ ပွဲမှာ ဒူးဒဏ်ရာ ရသွားတဲ့ ချယ်ဆီးအသင်း ခံစစ်မှူး ရူဒီဂါက ရာသီကုန်ထိ အနားယူရတော့မှာဖြစ်ပြီး အီတလီမှာ ခွဲစိတ်ကုသမှု ခံယူဖို့ စီစဉ်နေကြပါတယ်။

ချယ်ဆီးခံစစ်မှူး ဒေးဗစ်လူးဝစ်က နည်းပြ ဆာရီရဲ့ ဆာရီဘော နည်းစနစ်ကို နှစ်ခြိုက် သဘောကျတယ်လို့ ထုတ်ဖော် ပြောကြားပြီး ၄င်းနည်းဗျူဟာ အလုပ်ဖြစ်အောင် ကြိုးစားကြဖို့ အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။

ချယ်ဆီး အသင်းရဲ့ နည်းပြဟောင်း ဂလင်း ဟော်ဒယ်က အီဒင်ဟာဇတ်ဟာ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ကစားဖို့ ထိုက်တန်တယ် လို့ ဥရောပ ဘောလုံးရေးရာ သုံးသပ်မှုအစီအစဉ်ကနေ သုံးသပ် ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီနည်းပြ သောမတ်တူချယ်က လတ်တလောမှာ ၄င်းကို ချဉ်းကပ်မှု ပြုလုပ်ခဲ့တဲ့ ချယ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ကမ်းလှမ်းမှု တွေကို ပယ်ချခဲ့ကြောင်း သိရပါတယ်။ တူချယ်က ပီအက်စ်ဂျီမှာသာ ဆက်ရှိနေဖို့ ဆန္ဒရှိနေပါတယ်။

ချယ်ဆီးနည်းပြ ဆာရီကတော့ နောက်ရာသီမှာလည်း တိုက်စစ်မှူး ဟီဂူအင် အသင်းမှာ ဆက်ပြီး ရှိနေဖို့ မျှော်လင့်နေပါတယ်။ ဟီဂူအင်ဟာ တချက်တချက် ခြေစွမ်းကောင်းများ ပြနိုင်သော်လည်း အသင်းကြီးချင်း တွေ့ဆုံတဲ့ ပွဲတွေမှာ ရုန်းကန်နေရဆဲ့ပါ။

ချယ်ဆီးအသင်းကို ချန်ပီယံဆုဖလားများ စိန်ခေါ်နိုင်တဲ့ အသင်း ဖြစ်ဖို့ သူ့ အနေနဲ့ အချိန် နှစ် နှစ်လောက် ရရင် ပြောင်းလဲ ပေးနိုင်တယ်လို့ နည်းပြ ဆာရီက ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်ဂန္တဝင် ပေါလ်စခိုးလ်က ချယ်ဆီးအသင်းမှ ကစားသမားတစ်ဦးနဲ့ ပတ်သက်လို့ ဝေဖန်သွားခဲ့ပါတယ်။ အဆိုပါကစားသမားကတော့ နည်းပြဆာရီနဲ့အတူ ချယ်ဆီးကို ရောက်ရှိလာတဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟို ဖြစ်ပြီး ယူနိုက်တက်နဲ့ပွဲမှာ ၄င်းရဲ့ရွေ့လျားကစားပုံ အားနည်းမှုဟာ ချယ်ဆီးကို ဒုက္ခရောက်စေခဲ့တာဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ချယ်ဆီးဟာ ယခုရာသီ ဥရောပ ထိပ်သီးပြိုင်ပွဲ ချန်ပီယံလိဂ်မှာ မကန်ခဲ့ရလို့ ချန်ပီယံလိဂ် သီချင်းကို လွမ်းမိကြောင်း ချယ်ဆီး ခံစစ်မှူး ဒေးဗစ်လူးဝစ်ဇ်က ဝန်ခံခဲ့ပါတယ်။ အရင်ချိန်တွေတုန်းက ခြင်္သေ့ပြာတွေဟာ ဥရောပ အမြင့်ဆုံးပြိုင်ပွဲကို ပုံမှန်ဝင်ခွင့်ရခဲ့တာပါ။