စပါးအသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်အဖြစ် အေဂျက်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ ၀ – ၁ ဆိုတဲ့ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ အေဂျက်အသင်း အတွက် ဂိုးကိုတော့ ကွင်းလယ်လူ ဗန်ဒီဘီ က သွင်းယူပေးခဲ့တာပါ။

အဖွင့် မိနစ် ၃၀ အတွင်း အိမ်ရှင်တွေထက် ပိုမို သွက်လက်ထက်မြက်တဲ့ အေဂျက်လူငယ်ကစားသမားတွေဟာ ပွဲကိုစိုးမိုးထားခဲ့တယ်။ အေဂျက်ဟာ ကွင်းလယ်မှာ နေရာလွတ်တွေ ရှာဖွေနိုင်ခဲ့ပြီး ပွဲအစ ၁၅ မိနစ်မှာ ဒွန်နီ ဗန်ဒီဘိခ် ကြောင့် အရေးပါတဲ့ အဝေးဂိုးကို ရရှိခဲ့တာဖြစ်ပါတယ်။

အေဂျက်အသင်းခေါင်းဆောင် ဒီလစ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ ၄င်းရဲ့အသင်းဟာ အနိုင်ရလဒ်နဲ့ ထိုက်တန်တဲ့ အသင်းဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ပွဲအပေါ်မှာလည်း အေဂျက်က အကောင်းဆုံး ဦးဆောင်ကစားနိုင်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ဒီလစ်က “ ဒီပွဲမှာ ကျနော်တို့ အကောင်းဆုံး စတင်နိုင်ခဲ့ပါတယ်။ အဝေးဂိုးရရှိခဲ့တာက အရေးအကြီးဆုံးပါ။ ဒုတိယပိုင်းမှာ ကျနော်တို့ရဲ့ သွင်းဂိုးက တိုင်ထိသွားခဲ့ပါသေးတယ်။ စပါးနဲ့ ပွဲဟာ ခက်ခဲတဲ့ပွဲစဉ်ဖြစ်လိမ့်မယ်ဆိုတာကို သိထားခဲ့တယ်။

ကျနော်တို့ နယ်သာလန်တွေက စပါးကို ခပ်လွယ်လွယ် ကျော်ဖြတ်နိုင်မယ့် B အဆင့်အသင်းလို့ သတ်မှတ်ထားကြတယ်။ ပွဲတစ်ပွဲကို ရေပန်းမစားတဲ့ အသင်းအဖြစ်နဲ့ ကစားတာပိုကောင်းပါတယ်။ ကျနော်တို့က ဘိုင်ယန်၊ ရီးရဲလ်နဲ့ ဂျူဗင်တပ်တို့ကို အဲ့သည် အနေအထားကနေ ရင်ဆိုင်ကစားခဲ့တယ် ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ပထမပိုင်းမပြီးခင် ဂျန် ဗာတွန်ဂန်ရဲ့ ခေါင်းဒဏ်ရာကြောင့် စပါးနည်းပြဟာ ကစားကွက်ကို ပြောင်းလိုက်ရပြီး ကွင်းလယ်ကို အားဖြည့်ဖို့ ဆစ်ဆိုကို ကို ထည့်ကာ ၄-၄-၂ ပုံစံနဲ့ ကစားခဲ့ပါတယ်။

ကစားကွက် ပြောင်းပြီးနောက်မှာ စပါးဟာ တခြားအသင်းလိုဖြစ်သွားပြီး အေဂျက်ထက် အခွင့်အရေးတွေ ပို လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ချေပဂိုးကိုတော့ မသွင်းယူနိုင်ခဲ့ပါဘူး။