ပရီးမီးယားလိဂ် နဲ့ စီးရီးအေ တိုက်စစ်မှူးဟောင်း ဘာလော့တယ်လီက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲဖြစ်တဲ့ ဘာစီလိုနာနဲ့ လီဗာပူးပွဲက မက်ဆီရဲ့ ခြေစွမ်းကို ချီးကျုးခဲ့ပြီး ရော်နယ်ဒိုနဲ့တောင် နှိုင်းယှဉ်မှု မပြုလုပ်ကြတော့ဖို့ တောင်းဆိုသွားခဲ့ပါတယ်။

နျူးကပ်မှာ ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲမှာတော့ ဘာစီလိုနာက လီဗာပူးကို 3-0 နဲ့ အနိုင်ရခဲ့ပြီး ကက်တလန်ကလပ်ရဲ့ အသင်းခေါင်းဆောင် မက်ဆီက 7 မိနစ်အတွင်း သွင်းဂိုး 2 ဂိုး ရယူသွားခဲ့တာဖြစ်တယ်။

မက်ဆီရဲ့ ဒုတိယသွင်းဂိုးဖြစ်တဲ့ ဖရီးကစ်ဂိုးဟာ သူ့ရဲ့ ဘာစီလိုနာ ကစားသမားဘဝ သွင်းဂိုး 600 ပြည့်တဲ့ ဂိုးဖြစ်ပြီး အတော်လေး ထူးချွန်တဲ့ ကန်သွင်းယူမှုလည်း ဖြစ်ပါတယ်။

အဆိုပါပွဲကို တစ်ကမ္ဘာလုံးက ဘောလုံး ပရိသတ်တွေနည်းတူ မာဆေးတိုက်စစ်မှူး ဘာလော့တယ်လီလည်း ကြည့်ရှုနေခဲ့ပါတယ်။

ပွဲအပြီးမှာ ဘာလော့တယ်လီက “ ဘောလုံးလောက ကောင်းကျိုးအတွက် မက်ဆီကို ဂျူဗင်တပ်စ်ရဲ့ ကျောနံပါတ် ၇ နဲ့ ထပ်ပြီး မနှိုင်းယှဉ်ကြပါနဲ့တော့” လို့ အင်စတာဂရမ် ရေးသားခဲ့တာဖြစ်တယ်။

သူပြောတဲ့ ဂျူဗင်တပ်စ် ကျောနံပါတ် ၇ ဟာ ရော်နယ်ဒိုကို ဆိုလိုတာဖြစ်ကြောင်း ဘောလုံးပရိသတ်တိုင်း နားလည်ကြပါတယ်။

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ရဲ့ အကောင်းဆုံး ကစားသမားဆု စကာတင် စာရင်းမှာ မက်ဆီဟာ ဆွာရက်၊ ဒီဂျောင်၊ ဗန်ဒီဘက်တို့နဲ့အတူ ပါဝင်နေပြီး ထိပ်ဆုံးကနေ ဦးဆောင်နေတယ်လို့ သိရပါတယ်။