အင်္ဂလန်နဲ့ လီဗာပူး ကွင်းလယ်ကစားသမား ဂျော်ဒန် ဟန်ဒါဆန်က အသင်းဖော် အဒမ်လယ်လာနာ မပါဝင်နိုင်မှုဟာ ကလပ်အသင်းကော နိုင်ငံအသင်းကိုပါ ရိုက်ခတ်မှု ရှိစေတယ်လို့ ယုံကြည်နေပါတယ်။

အဒမ် လယ်လာနာဟာ ပြီးခဲ့တဲ့ မတ်လက ခရစ္စတယ်ပဲလေ့စ်နဲ့ ယှဉ်ပြိုင်တဲ့ပွဲမှာ တံကောက်ကြော ဒဏ်ရာရရှိသွားခဲ့ ခြင်း ဖြစ်ပါတယ်။ ယခင် ဘောလုံးရာသီ မကုန်ခင်မှာ လူစားဝင် ကစားခဲ့တဲ့ ပွဲတချို့ ရှိပေမယ့်လည်း ရာနှုန်းပြည့် ကြံ့ခိုင်မှု မရှိသေးတယ် လယ်လာနာကို အင်္ဂလန်အသင်းက ကမ္ဘာ့ဖလား ပြိုင်ပွဲဆီ မခေါ်သွားခဲ့ပါဘူး။

အသက် ၃၀ ရှိပြီ ဖြစ်တဲ့ လယ်လာနာရဲ့ နောက်ဆုံးကစားထားတဲ့ အင်္ဂလန်ပွဲက ၂၀၁၇ ဇွန်လတည်းက ဖြစ်ပြီး ၂၀၁၇-၁၈ ဘောလုံးရာသီ အစမှာတော့ ပေါင်ခြံဒဏ်ရာကြောင့် စတင် ပျက်ကွက်ခဲ့ပါတယ်။ ဟန်ဒါဆန်ကတော့ လယ်လာနာသာ ပွဲထွက်ကစားမယ့် လူစာရင်းမှာ ပါဝင်နိုင်ရင် အင်္ဂလန်အသင်းအတွက် အကျိုးများစွာ ဖြစ်ထွန်းမယ်လို့ ယူဆထားပါတယ်။

“သူက ဘောလုံးပါရမီ ရှိတဲ့သူပါ။ သူ အင်္ဂလန်ရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမား ဆု ရတာ သိပ်မကြာသေးပါဘူး။ တကယ့် ကစားသမားကောင်း တစ်ယောက်ပဲ။ လီဗာပူးကော အင်္ဂလန်အသင်းမှာပါ သူ့နေရာ လစ်ဟာနေတယ်လို့ ကျနော် ထင်တယ်။”

“သူ ပြန်ကစားနိုင်တော့မယ်ဆိုတော့ ကျနော် တော်တော် စိတ်လှုပ်ရှားမိတယ်.. သူက ကျနော်တို့ကို အများကြီး ကူညီ ပံ့ပိုးနိုင်လိမ့်မယ်။ အင်္ဂလန်အသင်းနဲ့ လီဗာပူးမှာ သူပြန်လာပြီး ဘာတွေ ကွာခြားအောင် လုပ်ပြမလဲဆိုတာ ကျနော် စိတ်လှုပ်ရှားမိတာ.. အဒမ်လို ကစားသမား များများစားစား မရှိပါဘူး။ ကွင်းထဲမှာ သူ ချိတ်ဆက် ကစားပုံက တမူထူးခြားတယ်။ ဘောလုံးနဲ့ဆို သူ လှုပ်ရှားပုံတွေ သိပ်ကောင်းတယ်။ အလုပ်နဲ့ပတ်သတ်ပြီး စည်းစောင့်တယ် စိတ်ချရတယ်။ တိုက်စစ်သမားဆိုပေမယ့် ခံစစ်ကိုလည်း ကူနိုင်တယ်။” လို့ ဟန်ဒါဆန်က ဆိုပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဖြစ်တဲ့ ဟန်ဒါဆန်နဲ့ လယ်လာနာဟာ ကလပ်အသင်းမှာလည်း အကောင်းဆုံးမိတ်ဆွေတွေ အဖြစ် အမြဲတွဲတွဲ ရှိပြီး ဘောလုံးကွင်း ပြင်ပမှာပါ သွားလာမှုတွေ ရှိပါတယ်။

လယ်လာနာဟာ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ၃၄ ပွဲ ကစားပေးထားပြီး ၂၀၁၆ အတွက် နိုင်ငံ့ အကောင်းဆုံးကစားသမား ဆုပါ ရရှိခဲ့သူပါ။ ဒါပေမယ့် မနှစ်က စက်တင်ဘာလမှာ ပေါင်ခြံဒဏ်ရာကြောင့် အင်္ဂလန်အသင်း လူစာရင်းကနေ ဖယ်ရှားလိုက်ရတည်းက ဆက်လက်ပြီး ဒဏ်ရာတွေနဲ့ နပန်းလုံးနေတဲ့ လယ်လာနာ တစ်ယောက် အခုထိ မပါဝင်နိုင်သေးပါဘူး။ မဲလ်ဝုဒ်မှာတော့ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်တဲ့ကြောင့် လယ်လာနာ လီဗာပူးအသင်းအတွက် မကြာခင် ပြန်ကစားနိုင်ဖို့ ရှိပါတယ်။