မန်ယူနည်းပြဟောင်း မော်ရင်ညိုက မန်ချက်စတာကလပ်မှာ ပြိုင်ဘက်နည်းပြတွေလို လုံလောက်တဲ့ ထောက်ပံ့မှု မရဘူးလို့ ဝေဖန်မှု ပြုလုပ်လာခဲ့ပါတယ်။

မော်ရင်ညိုနဲ့ ဂွာဒီယိုလာတို့ဟာ ပရီးမီးယားလိဂ်ကို အပြိုင်အဆိုင် ရောက်လာကြပြီး အမှတ်ပေးဖလားအတွက် ပြိုင်ဆိုင်ခဲ့ကြတာပါ။ အခုရာသီမှာ ကလော့ပ်နဲ့ လီဗာပူးဟာ စီးတီးကို အဓိက ခြိမ်းခြောက်နိုင်တဲ့သူတွေဖြစ်လာပြီး မန်ယူကတော့ ချန်ပီယံလိဂ်ဝင်ခွင့်တောင် အနိုင်နိုင်ဖြစ်လာခဲ့တယ်။

မန်စီးတီးနဲ့ လီဗာပူးမှာ ပက်ဂွာဒီယိုလာ နဲ့ ယာဂန်ကလော့ပ်တို့ကို ၄င်းတို့ ကလပ်အသင်းတွေက ထောက်ပံ့နေမှုမျိုး မန်ယူမှာ အောင်မြင်ဖို့အတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေ မရခဲ့ဘူး လို့ မော်ရင်ညိုက ယုံကြည်နေပါတယ်။

မော်ရင်ညိုက “ကလပ်တစ်ခုကိုသွားပြီး ပက်နဲ့ ကလော့ပ်တို့ လုပ်ခဲ့သလိုမျိုး ကျနော် လုပ်ခွင့်ရချင်မိတယ်။ လီဗာပူးကို ကြည့်လိုက်။ ကလော့ပ် စရောက်တူန်းက အဲ့မှာ ဘယ်နှယောက်များ ရှိလို့လဲ? နည်းနည်းလေးပဲရှိတာ။

ယာဂန် ကလော့ပ်က အသင်းမှာ သုံးနှစ်ခွဲလောက် ဘာမှ မအောင်မြင်ခဲ့တာတောင် သူ့ကို ယုံကြည်မှုပေးထားတုန်းပဲ။ သူ့မှာ ယုံကြည်မှုရှိတုန်းပဲ။ ဆက်ကြိုးစားဖို့ အခြေအနေတွေရှိနေတုန်းပဲ။ ဒီရာသီတော့ သူတို့ဖလားရဖို့ အခွင့်အရေး ရှိနေတုန်းပဲ။

ပြီးတော့ ၂၀၁၆-၁၇ မှာ စီးတီးကို ဂွာဒီယိုလာ ရောက်တော့ အဲ့မှာရှိတဲ့ ခံစစ် သုံးယောက်နဲ့ သူ မတင်းတိမ်ဘူးလေ။ နောက်နွေရာသီမှာ သူကြိုက်တဲ့ ခံစစ်လေးယောက် ခေါ်ခဲ့တယ်။ ဘရာဗိုလို ဂိုးသမားတစ်ယောက် ဝယ်ထားတာတောင် သူ သဘောမကျဘူး။ နောက်ရာသီမှာ အီဒါဆန်ကို ထပ်ဝယ်ခဲ့တယ်။ ” လို့ ထောက်ပြခဲ့ပါတယ်။

ပေါ်တူဂီသားရဲ့ အိုးလ်ထရက်ဖို့ဒ် နည်းပြဘဝ နှစ်နှစ်ခွဲအတွင်း သရဲနီတွေဟာ ကာရာဘောင်းဖလားနဲ့ ယူရိုပါလိဂ် ဖလားတို့ကို ကိုင်မြှောက် နိုင်ခဲ့တယ်။ ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက် ရလဒ်ဆိုးတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။