ပေါ့ဘာဟာ မန်ယူနဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးရာမှာ အဆင်မပြေဖြစ်ပြီး ညိနှိုင်းမှုတွေကို နောက်ဆုတ်ထားတာ သရဲနီပရိသတ်တွေ သိထားကြတဲ့ သတင်းဖြစ်ပါတယ်။

မန်ယူနဲ့ ပေါ့ဘာရဲ့ ညိနှိုင်းရခက်နေတဲ့ ကိစ္စက လက်ရှိရနေတဲ့ လုပ်ခကို တိုးမြှင့်မပေးလို့ဖြစ်ပြီး ပေါ့ဘာက အသင်းဖော် ဆန်းချက်နည်းပါး လုပ်ခမျိုးကို အလိုရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့်လို့ ကစားသမားကို အလိုရှိနေတဲ့ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်က ပေါ့ဘာအနေနဲ့ လာမယ့် အပြောင်းအရွှေ့မှာ စပိန်ကလပ်ကို ပြောင်းရွှေ့လိုတယ်ဆိုရင် လက်ရှိ မန်ယူမှာ ရနေတဲ့ လုပ်ခထက် လျော့ယူရမယ်လို့ အကြောင်းပြန်ထားကြောင်း သိရပါတယ်။

၂၀၁၆ ခုနှစ်မှာ စီးရီးအေကလပ် ဂျူဗင်တပ်ကနေ အိုထရတ်ဖိုဒ့်ကို ပေါင် ၈၉ သန်းနဲ့ ပြောင်းလာခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ လက်ရှိ မန်ယူမှာ တစ်ပတ်လုပ်ခ ပေါင် ၂၉၀၀၀၀ ထိရရှိနေတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်း နည်းပြ ဇီဒန်းက ယူနိုက်တက်မှ ကွင်းလယ်လူ ပေါ့ဘာကို အလွန် နှစ်သက်သဘောကျကြောင်း ထုတ်ဖော် ပြောကြားပြီး ပေါ့ဘာကလည်း ပြင်သစ်သား ဇီဒန်းကို အထင်ကြီးသူဖြစ်ကာ သူ့ရဲ့လက်အောက်မှာ ကစားလိုကြောင်း ထုတ်ပြောထားတာဖြစ်ပါတယ်။