လီဗာပူး တိုက်စစ်မှူး ဆာလက်ရဲ့ ဒဏ်ရာဟာ အတုမဟုတ်ဘဲ အမှန်တကယ် ထိခိုက်မိတာ ဖြစ်ကြောင်းနဲ့ ဆေးမှတ်တမ်းတွေ အပြည့်အစုံ ရှိကြောင်း အီဂျစ် ဘောလုံးအဖွဲ့ချုပ်က ပြောကြားလိုက်ပါတယ်။ ဆာလက်ဟာ နိုင်ငံအသင်းကနေ စောပြန်ဖို့ လီဗာပူးအသင်းက ဖိအားပေးတာကြောင့် အီဂျစ်အသင်းက စောပြန်လွှတ်ဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ဒီတလော ရှိနေတာဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ ဒဏ်ရာရ စာရင်းမှာ နောက်တစ်ယောက် ထပ်တိုးလာပြီ ဖြစ်လာပါတယ်။ တိုက်စစ်မှူး ဆာဒီယိုမာနေးဟာ ဘယ်လက်မှာ ဒဏ်ရာရထားပြီး ကုသမှုခံယူနေတာကို ဆေးရုံမှာတွေ့လိုက်ရတာပါ။

ဆာလက်ဟာ အီဂျစ်အသင်းနဲ့ကစားစဉ် ထောင့်ကန်ဘောကနေ တိုက်ရိုက် ဂိုးကန်သွင်းခဲ့တာဟာ ကြိုတင် လေ့ကျင့်မှုတွေ ရှိထားလို့ ဖြစ်ကြောင်း သိရပါတယ်။ နိုင်ငံအသင်းတွေဆီ မသွားခင် ပရီးမီးယားလိဂ်ပွဲများ ကစားနေစဉ်က လီဗာပူးအသင်းမှာ လေ့ကျင့်ထားတာဖြစ်ကာ အသင်းအတွက် လက်နက်သစ် ဖြစ်လာဖွယ် ရှိပါတယ်။

မန်ယူနိုက်တက်နဲ့ အင်္ဂလန် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ဟာ တိုက်စစ်မှူးတစ်ယောက် ဖြစ်ဖို့ နဂို ပါရီမီ ပါလာသူမျိုး မဟုတ်ဘဲ တိုးတက်လာအောင် အများကြီး ကြိုးစားရဦးမယ်လို့ ပေါလ်မာဆန်က မှတ်ချက်ပြုလိုက်ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ခရိုအေးရှားကို သရေကျတဲ့ပွဲမှာ အကောင်းဆုံး အပိုင်အခွင့်အရေး ၂ ကြိမ် လွဲချော်ခြဲ့ပီး နိုင်ငံပွဲတွေ မတိုင်ခင် နယူးကာဆယ်နဲ့ ပွဲမှာလည်း ယူနိုက်တက်အတွက် အခွင့်ကောင်း နှစ်ကြိမ်လုံး သွင်းဂိုး အဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။

အချမ်းသာဆုံးနဲ့ အာဏာအရှိဆုံး ဖြစ်တဲ့ ဆော်ဒီအာရေဗျမှ အိမ်ရှေ့မင်းသား Mohammad bin Salman က မန်ချက်စတာ ယူနိုက်တက်အသင်းကို ၀ယ်ယူဖို့ စိတ်ဝင်စားချိတ်ဆက်မှုများ ရှိတယ်ဆိုပေမယ့် အသင်းပိုင်ရှင် ဂလေဇာ မိသားစုကတော့ ရောင်းချလိုဟန် မရှိဘူးလို့ Sky Sports မှာ သုံးသပ်ထားပါတယ်။

လာမယ့် စနေနေ့မှာ ပရီးမီးယားလိဂ် ပွဲကောင်း အဖြစ် ချယ်ဆီးအသင်းနဲ့ မန်ယူနိုက်တက်တို့ ရင်ဆိုင်တွေ့ကြမှာ ဖြစ်ပြီး အဆိုပါပွဲကို ဒိုင်လူကြီး မိုက်ဒင်းက တာဝန်ယူသွားမှာပါ။ မိုက်ဒင်းဟာ ယူနိုက်တက်အပေါ် အနီကတ် အ၀ါကတ်များ မကြာခဏ ပြသလေ့ ရှိသူ ဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၀က်ဖို့နဲ့ ပွဲမှာလည်း မာတစ်ကို အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။

ပြင်သစ် တိုက်စစ်မှူး ဂျီရူးဟာ ဇာတိမြေ ပြင်သစ်မှ မာဆေးကလပ်က စိတ်ဝင်စားပေမယ့် အင်္ဂလန် ထိပ်သီးကလပ်အသင်းကနေ မထွက်ခွာလိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဂျီရူး ရည်ညွှန်းတဲ့ ထိပ်သီးကလပ်ဟာ လန်ဒန်ကလပ်ဖြစ်ပေမယ့် အသင်းဟောင်း အာဆယ်နယ် မဟုတ်ဘဲ လက်ရှိ ကလပ်အသင်း ချယ်ဆီးကို ဆိုလိုတာ ဖြစ်ပါတယ်။

ပီယာလို လက်သစ်လို့ နာမည်ကြီးနေတဲ့ အီတလီ စီးရီးစ်ဘီ Brescia အသင်းမှ Sandro Tonali ကို ချယ်ဆီးအသင်းက ခေါ်ယူဖို့ ကြိုးစားနေပြီး အင်တာမီလန်၊ ရိုးမား၊ ဆန်ဒိုးရီးယားအသင်းတို့နဲ့ အပြိုင်ဖြစ်နေတယ်လို့ သိရပါတယ်။

ချယ်ဆီးအကယ်ဒမီထွက် အသက် ၁၇ နှစ်သား တိုက်စစ်မှူး Hudson-Odoi ကို အွန်နရီ စတင် ကိုင်တွယ်ပြီဖြစ်တဲ့ မိုနာကို အသင်းက ခေါ်ယူဖို့ မျက်စိကျနေပါတယ်။

အာဆယ်နယ်နဲ့ စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်တဲ့ ရမ်ဆေးဟာ အာဆင်နယ်ရဲ့ ထိပ်သီး ၆သင်း ပြိုင်ဘက်တွေဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့အတွက်လည်း ဆွေးနွေးရန် တံခါးဖွင့်ထားကြောင်း သိရပါတယ်။

မနေ့က အောက်တိုဘာ ၁၅ ရက်နေ့မှာ အာဆင်နယ်ကစားသမား အိုဇေးလ်ရဲ့ အသက် ၃၀ ပြည့် မွေးနေ့ ဖြစ်ပြီး ဂျာမနီ လက်ရွေးစင်အသင်းက တွစ်တာမှ တဆင့် အံ့အားသင့်ဖွယ် မွေးနေ့ ဆုတောင်းစကား ဆိုသွားပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလား အပြီးမှာပဲ ဝေဖန်မှုများကြောင့် အိုဇေးလ်ဟာ ဂျာမနီးအသင်းအတွက် ကစားခြင်းမှ အနားယူထားပြီး ဖြစ်ပါတယ်။

လိဂ်ဝမ်းကလပ် ပလိုင်းမောက်မှာ အငှားသွားရောက် ကစားနေတဲ့ အာဆယ်နယ် ဂိုးသမား Matt Macey စနေနေ့ကပွဲမှာ ပွဲထွက်ကစားခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါပွဲမှာတော့ ပလိုင်းမောက်က အောက်စ်ဖို့ဒ်ယူနိုက်တက်ကို ၂ ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပါတယ်။

ရီးရဲလ်နဲ့ စပိန် ခံစစ်မှူး ရာမို့စ်က စပါးတိုက်စစ်မှူး ကိန်းအနေနဲ့ အင်္ဂလန်က ထွက်ခွာပြီး လာလီဂါမှာ လာကစားသင့်ကြောင်း ဖိတ်ခေါ်လိုက်ပါတယ်။ ပရီးမီးယားလိဂ်ဟာ ကာယပိုင်း ကြံ့ခိုင်မှု အလေးပေးတဲ့ လိဂ်ဖြစ်ပေမယ့် ကိန်းက ကြံ့ခိုင်မှုကောင်းသလို နည်းစနစ်ပိုင်းပါ ကျေညက်သူ ဖြစ်တယ်လို့ ရာမို့စ် က ဆိုပါတယ်။

မန်စီးတီးကစားသမား စတားလင်းက အင်္ဂလန်အသင်းဖော် ဆန်ချိုကို မန်စီးတီးအသင်းနဲ့ အတူ လွယ်ကူတဲ့ လမ်းကြောင်းကို မလိုက်ပါခဲ့ဘဲ ဘွန်ဒစ်လီဂါဆီ စွန့်စားထွက်ခဲ့တဲ့ ရဲရင့်မှုအပေါ် ချီးကျူးစကားဆိုလိုက်ပါတယ်။

မန်စီးတီးအသင်း မန်နေဂျာ ပက် ဂွာဒီယိုလာက အနာဂတ်မှာ အီတလီ စီးရီးအေမှာ နည်းပြလုပ်ရင်လည်း လုပ်နိုင်ကြောင်း ပြောကြားလိုက်ပါတယ်။ ဘာစီလိုနာနဲ့အတူ စပိန်မှာ၊ ဘိုင်ယန်နဲ့ အတူ ဂျာမနီမှာ အခက်အခဲတွေကို ကျော်ဖြတ်ဖူးပြီး ယခု ပရီးမီးယားလိဂ်မှာ ကိုင်တွယ်ဖူးပြီဖြစ်တဲ့အတွက် တချိန်မှာ စီးရီးစ်အေရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်လိုကြောင်း ဂွာဒီယိုလာက ဆိုလိုက်တာပါ။

မန်စီးတီးအသင်းဟာ ဆဲလ်တစ်မှာ အငှားချထားတဲ့ လူငယ် ကွင်းလယ်တိုက်စစ်မှူး Daniel Arzani ပွဲကစားချိန် ကောင်းစွာ မရတဲ့အတွက် အသင်းဆီ ပြန်ခေါ်ရန် စဉ်းစားနေပါတယ်။ သြစတေးလျ ပါရမီရှင် လူငယ်ကစားသမား အဖြစ် နာမည်ကျော်တဲ့ Arzani က နွေအပြောင်းအရွှေ့ကမှ မဲလ်ဘုန်းစီးတီးအသင်းကနေ ရောက်ရှိလာပြီး စကော့တလန်ကလပ် ဆဲလ်တစ်အသင်းဆီ အငှား သွားရောက် ကစားနေတာ ဖြစ်ပါတယ်။

စပါး ကွင်းလယ်ဖန်တီးရှင် ဒမ်ဘီလီဟာ အသင်းနဲ့ စာချုပ် လာမယ့် ဇွန်လမှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံသား ကွင်းလယ်ကစားသမားဟာ ၇ နှစ်ကြာ ကစားခဲ့တဲ့ လန်ဒန်ကလပ်ကနေ ထွက်ခွာပြီး ၄င်းကို စိတ်ဝင်စားနေတဲ့ အင်တာမီလန်ကို သွားမယ့်အစား တရုတ်ဘက်ကို ရောက်သွားနိုင်တဲ့ အလားအလာတွေ တွေ့နေရပါတယ်။

အရက်သောက်ပြီး ကားမောင်းတာ မိသွားတာကြောင့် တရားရုံးမှာ ဖြေရှင်းခဲ့ရတာတွေအတွက် စပါး ဂိုးသမား လိုရစ်က ရှက်စရာ ဖြစ်ရပ် ဖြစ်တယ်လို့ ၀န်ခံသွားပြီး သူလိုချင်တဲ့ ပုံရိပ်ကောင်းမျိုး မဟုတ်ဘူးလို့ ၄င်းက ဆိုပါတယ်။ ဒါပေမယ့်လည်း အဆိုပါ ကိစ္စဟာ ဖြစ်တတ်တဲ့ အမှားဖြစ်တာကြောင့် လူကောင်းတစ်ယောက် အဖြစ် ရပ်တည်နေတာကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူးလို့ လိုရစ်က ယုံကြည်ထားပါတယ်။