လာမယ့်ရာသီ မန်ယူကို ဆိုးရှားက ဦးဆောင်ကိုင်တွယ်ခွင့် ရမှာဖြစ်ပြီး ကလပ်ဟာ မော်ရင်ညိုလက်ထက်ကနဲ့ မတူညီတဲ့ ဦးတည်ချက်ကို ရှာဖွေနိုင်မယ်လို့ ယုံကြည်ရတယ်။

ဈေးကွက်ဝင်ရောက်မှုမှာ မန်ယူရဲ့ ချိန်ရွယ်မှုဟာ နုပျိုသစ်လွင်တဲ့ အသင်းတည်ဆောက်ဖို့ ဖြစ်လာပါမယ်။ အထူးသဖြင့် အပြောင်းအရွှေ့မှာ မော်ရင်ညို လက်ထက်ကလို ဝါရင့် ကစားသမားတွေကို ဦးစားပေး ခေါ်ယူလိုမှုအစား လူငယ်ကစားသမားတွေကို အသားပေးလာနိုင်ပါတယ်။

မန်ယူဘုတ်အဖွဲ့က မန်နေဂျာဆိုးရှားကို နွေအပြောင်းအရွှေ့အတွက် အသုံးစရိတ် ပေါင် သန်း 200-250 ကြားထိ ပေးသုံးမယ်လို့ ခန့်မှန်းထားရတယ်။ ဝုဒ်ဝတ် (သို့) အားကစားဒါရိုက်သစ်ဟာ ကစားသမား ခေါ်ယူရေးမှာ အဓိက တာဝန်ယူပေးမှာဖြစ်ပြီး ကလပ်အတွက် ခေါ်ယူမယ့် ကစားသမားတွေဟာ ထိပ်တန်း အကျော်အမော်တွေဖြစ်လို့ ပြောင်းရွှေ့ကြေးတွေကလည်း မြင့်မားနိုင်ပါတယ်။

မန်ယူဟာ ဗဟိုခံစစ်အတွက် မက်ဂွဲရားနဲ့ ကိုလီဘာလီကို သဘောကျနေပြီး ကွင်းလယ်တိုက်စစ်အတွက် ကော်တင်ညိုနဲ့ ညာတောင်ပံအတွက် ဆန်ချိုကို အဓိက ခေါ်ယူလိုနေတယ်လို့ သိထားရတယ်။

အကယ်လို့ ယူနိုက်တက်က အလိုရှိထားတဲ့ ကစားသမားတွေ အားလုံးကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ဆုဖလားတွေကို စိန်ခေါ်ဖို့ရာ အတော်လေး တောင့်တင်းတဲ့ လူစာရင်းလည်း ဖြစ်လာနိုင်တယ်။

နွေမှာတော့ အဓိက ဆောင်ရွက်မှုအဖြစ် ကလပ်ရဲ့ စီနီယာတွေဖြစ်တဲ့ ရပ်ဖိုဒ့်နဲ့ ဒီဂီယာ နှစ်ဦးကို သက်တမ်းတိုးဖို့ လိုအပ်ပါမယ်။ အဆိုပါ လူစာရင်းမှာ မာရှယ်၊ လုရှော၊ ဒါလော့ အစရှိတဲ့ ကာလရှည် သက်တမ်းရှိထားတဲ့ ကစားသမားတွေနဲ့ ပေါင်းစပ်နိုင်မှာပါ။

ပေါ်ထွက်လာမယ့် မန်ယူရဲ့ လူစာရင်းဟာ တောင့်တင်းမှုရှိပြီး အရန်မှာတော့ ဖရက်၊ လင်ဒီအော့လို ကစားသမားတွေအပြင် ယန်းနဲ့ စမောလင်းတို့လို ဝါရင့်ကစားသမားတွေနဲ့ တောင့်တင်း တည်ငြိမ်တဲ့ လူစာရင်းကို ဖော်ဆောင်နိုင်မှာဖြစ်တယ်။ ဒီလူစာရင်း အမှန်တကယ် စုဆောင်းနိုင်ဖို့ရာ အနည်းဆုံး ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၅၀ လောက်ကို သုံးစွဲရပါမယ်။