ပြီးခဲ့တဲ့နွေကမှ အာဆင်နယ်အသင်းဆီ ရောက်လာခဲ့တဲ့ ဗဟိုခံစစ်မှူး ဆိုခရေးတစ်ကတော့ ရာသီကုန်မှာသာ ချန်ပီယံလိဂ်ဝင်ခွင့်မရရှိခဲ့ပါက အာဆင်နယ် ကို ရွေးချယ်ခဲ့တဲ့ သူ့ရဲ့ ရည်ရွယ်ချက်က မအောင်မြင်ကြောင်း ငြီးငြူလိုက်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဒေါ့မွန်အသင်းကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ဆိုခရေးတစ်က –

” ကျွန်တော်တို့ ချန်ပီယံလိဂ် ဝင်ကစားချင်ပြီး အဲ့ဒီအတွက်လည်း ကျွန်တော် ဒီအသင်းကို ရောက်လာခဲ့တာပါ။ ကျွန်တော် ယူရိုပါလိဂ်ကန်ဖို့ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ခဲ့တာ မဟုတ်ပါဘူး။ ဒါကပဲ အရေးပါတဲ့ အချက်တစ်ချက်ဖြစ်ပြီး အသင်းမန်နေဂျာနဲ့ ဝန်ထမ်းတွေက ကျွန်တော်တို့ကို နေ့တိုင်း နောက်ကွယ်ကနေ ကူညီပေးနေကြပါတယ်။ ”

“ကျွန်တော်တို့က လေ့ကျင့်ခန်း အစီအစဉ်တွေမှာ အများကြီး အလုပ်ကြိုးစားခဲ့ပြီး ဗီဒီယိုတွေနဲ့လည်း ပြိုင်ဘက်အသင်းတွေရဲ့ ကစားပုံကို အကဲဖြတ်ခဲ့ကြတာကြောင့် နောက်ဆုံးမှာ ဒီအရာတွေက ကျွန်တော်တို့ကို ပြန်ပြီး အကျိုးပေးမယ်လို့ မျှော်လင့်ပါတယ်။” လို့ ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် (၅) နေရာမှာ ရပ်တည်နေပြီး လာမယ့် ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လက်ကျန် ပရီးမီးယားလိဂ်ပွဲစဉ် (၂) ပွဲမှာ အဆင့် (၄) နေရာက ချဲလ်ဆီးအသင်းရဲ့ ခြေချော်မှုကို စောင့်ဆိုင်းရမယ့်အနေအထားလည်း ဖြစ်ပါတယ်။ ယူရိုပါလိဂ်မှာတော့ အာဆင်နယ်က ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဗလင်စီယာအသင်းကို အိမ်ကွင်းမှာ ၃-၁ ဂိုးနဲ့ အနိုင်ရရှိထားကာ ဗိုလ်လုပွဲအဆင့်ကို တက်ရောက်ဖို့ အခြေအနေ ကောင်းနေပါတယ်။

ယူရိုပါလိဂ်မှာ ဗိုလ်စွဲတဲ့အသင်းဟာ လာမယ့် ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို တိုက်ရိုက် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်တာကြောင့် အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ထိပ်သီး (၄) သင်းမဝင်နိုင်ခဲ့သည့်တိုင်အောင် ယူရိုပါလိဂ်မှာ ဗိုလ်စွဲခဲ့ပါက လာမယ့် ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင် ကစားခွင့်ရရှိမှာပါ။