ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို စိန်ခေါ်နိုင်ဖို့ဆို ချယ်ဆီးအသင်း နှစ်နှစ်မျှ အချိန်ယူ ကြိုးစားရလိမ့်မယ်လို့ နည်းပြ ဆာရီက ပြောကြား လိုက်ပါတယ်။

ချယ်ဆီးအသင်းမှ အသက် ၃၀ အရွယ် ဘရာဇီးသား တိုက်စစ်သမား ၀ီလျံအတွက် ဘာစီလိုနာက ပေါင် သန်း ၃၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ရန် ပြင်ဆင်နေပါတယ်။

ချယ်ဆီး ကွင်းလယ်ကစားသမား လော့ဖ်တပ်ချိခ်ဟာ ကစားသမား သက်တမ်းတလျောက် နောက်ကျော နာကျင်မှု အမြဲ ရှိနေနိုင်တယ်လို့ နည်းပြ ဆာရီက စိုးရွံ့နေပါတယ်။ ချယ်ဆီးအသင်းဟာ အင်္ဂလန်သား ကွင်းလယ်ကစားသမား လော့ဖ်တပ်ချိခ်နဲ့ သက်တမ်းတိုး စာချုပ်သစ် အတွက် ဆွေးနွေးမှုများ ပြုလုပ်တော့မှာပါ။

ဒီတပတ် ချယ်ဆီးနဲ့ ဆုံမယ့် ၀က်ဖို့ဒ်နည်းပြ ဂရာစီယာကတော့ ချယ်ဆီးအကြောင်းပြောရင် ဟာဇက် တစ်ယောက်တည်းထက် ပိုတဲ့ အသင်း ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ၄င်းကို မေးရင် ဟာဇက်ထက် တစ်သင်းလုံး အကြောင်း မေးပါလို့ ပွဲကြိုမှာ ပြောဆိုခဲ့တာပါ။

ဖရန့်ဖတ်နဲ့ပွဲမှာ ချယ်ဆီးကြယ်ပွင့် အီဒင်ဟာဇက် ပွဲထွက်စာရင်းမှာ မပါဝင်ခဲ့ဘဲ အရန်ခုံမှသာ တွေ့ရလို့ ပရိသတ်များ ပေါက်ကွဲနေကြပါတယ်။ ဟာဇက်က မိနစ် ၆၁ မှ လူစားဝင်ကစားခဲ့ပြီး ချယ်ဆီးနည်းပြ ဆာရီကတော့ ပွဲဆက် ကစားနေလို့သာ ဟာဇက်ကို အနားပေးခဲ့ခြင်း ဖြစ်ကြောင်းနဲ့ ဒီအတွက် ကစားသမားက နားလည်လက်ခံကြောင်း တုန့်ပြန်လိုက်ပါတယ်။

ဆာရီက ဖရန့်ဖတ် တိုက်စစ်သမား လူကာဂျိုဗစ်ရဲ့ ခြိမ်းခြောက်နိုင်စွမ်းကို ချီးကျူးလိုက်ပြီး နောက်တစ်ပတ် စတန်းဖို့ ဘရစ်ခ်ျမှာ ချယ်ဆီး အသင်းသားတွေ အနေနဲ့ ဒိထက်ပိုပြီး ဂျိုဗစ်ကို ကိုင်တွယ်နိုင်ဖို့ လိုအပ်တယ်လို့ သတိပေးလိုက်ပါတယ်။

ပီအက်စ်ဂျီနည်းပြ သောမတ်တူချယ်ကို စောင့်ကြည့်နေတဲ့ အသင်းတွေထဲ ချယ်ဆီးအသင်းနဲ့ ဘိုင်ယန်မြူးနစ်တို့ ပါဝင်နေတယ်လို့ သိရပါတယ်။

အသက် ၃၂ နှစ်အရွယ် ခံစစ်မှူး ဒေးဗစ်လူးဝစ်ကို ချယ်ဆီး အသင်းက သက်တမ်းတိုး စာချုပ်တစ်ရပ် ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ လူးဝစ်ာ ရာသီကုန်ရင် အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီဖြစ်ကာ ချယ်ဆီးမှာပဲ ဆက်နေဖို့ စိတ်အားထက်သန်နေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ လာမယ့်နွေမှာ အပြောင်းအရွှေ့စရိတ် ယူရို သန်း ၅၀၀ (ပေါင် ၄၂၉ သန်း)မျှ ထိ သုံးစွဲသွားရန် ကြံရွယ်နေတယ်လို့ AS သတင်းမှာ ပါရှိလာပါတယ်။ ရီးရဲလ်က ပေါ်တို ခံစစ်မှူး မီလစ်တို၊ ချယ်ဆီးမှ ဟာဇက်၊ ယူနိုက်တက်မှ ပေါ့ဘာတို့ကို ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး လိုင်ယွန်မှ အမ် ဒွမ်ဘီလီ၊ ဖရန့်ဖတ်မှာ လူကာဂျိုဗစ်၊ စပါးမှ အဲရစ်ဆန်လည်း ၄င်းတို့ အလိုရှိတဲ့ စာရင်းထဲ ပါဝင်ပါတယ်။

ရီးရဲလ်ကတော့ လက်ရှိ ဘောလုံးရာသီ ပြီးပြီးချင်းပဲ အမြန်ဆုံး ချယ်ဆီးမှ ဟာဇက်ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ချယ်ဆီးကစားသမားဟောင်း ဝိန်းဘရစ်ခ်ျက ကလပ်ဟာ ဟာဇက်နေရာမှာ အစားထိုးကစားသမား ရှာဖွေနိုင်မယ်လို့ မထင်ကြောင်းနဲ့ အပြာရောင် လန်ဒန်အသင်းအတွက် ဘယ်ဂျီယံတိုက်စစ်သမားနေရာ အစားဝင်ဖို့ဆိုတာက မက်ဆီနဲ့ ရော်နယ်ဒိုတို့ကလွဲပြီး အခြားကစားသမားလည်း မရှိပါကြောင်း ထင်မြင်ချက် ပေးလာပါတယ်။

ချယ်ဆီးနဲ့ မန်ယူ နည်းပြဟောင်း မော်ရင်ညိုဟာ ရိုးမားအသင်းကို တာဝန်ယူမယ်လို့ သတင်းထွက်လာပါတယ်။ ၄င်းဟာ ပီအက်စ်ဂျီမှ တူချယ်နေရာ အစားထိုးဖို့လည်း ရေပန်းစားနေပြီး မော်ရင်ညိုကတော့ စီးရီးအေ ပြန်ဖို့ ပို အားသာဖွယ် ရှိပါတယ်။