အချက်အလက်တွေအရ လီဗာပူး ဂိုးသမား အယ်လစ်ဆန်ဟာ ပရီးမီးယားလိဂ်မှာ နံပါတ် ၁ ဂိုးသမား ဖြစ်ကြောင်း Echo သတင်းမှာ ဖော်ပြထားပါတယ်။ အယ်လစ်ဆန်ဟာ ဂိုးကာကွယ်မှုနှုန်း ၈၆%၊ ပျမ်းမျှ ၂.၇ ပွဲမှာမှ တစ်ဂိုး၊ မိနစ် ၂၄၀ ကြာမှ တစ်ဂိုး ပေးရနှုန်းသာ ရှိပါတယ်။

လီဗာပူး အမှုဆောင်ဒါရိုက်တာချုပ် ပီတာမိုးကတော့ လီဗာပူးအသင်းဟာ သူတို့ရဲ့ သက်ဆိုင်တဲ့နေရာ (ချန်ပီယံလိဂ်) ဆီ ပြန်လာပြီ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ လက်ရှိ ဥရောပပွဲတွေမှာ လီဗာပူးအသင်းနဲ့ ဘယ်အသင်းကမှ ရင်မဆိုင်လိုကြဘူးလို့ ၄င်းက ဆိုပါတယ်။

နိုင်ငံတကာ ဘောလုံးသီတင်းပတ် ကုန်ဆုံးချိန်မှာ လီဗာပူးအသင်းရဲ့ ပွဲထွက်ကစားသမားတွေ ဖြစ်တဲ့ မိုဆာလက်၊ မာနေး၊ မေနာ၊ ဗန်ဒိုက်နဲ့ ကိတ်တာတို့ ဒဏ်ရာရစာရင်းမှာ ပါဝင်သွားကြပါတယ်။ ဆာလက်နဲ့ ဗန်ဒိုက်တို့ကတော့ အသေးစား ဒဏ်ရာတွေဖြစ်ပြီး မာနေးနဲ့ ကိတ်တာတို့ရဲ့ ဒဏ်ရာကိုတော့ ကလပ်အသင်းဘက်က အတည်မပြုနိုင်သေးပါဘူး။

ချယ်ဆီး ခံစစ်မှူးဟောင်း အိုင်ဗန်နိုဗစ်ကို စပိန် ထိပ်သီးကလပ် ဘာစီလိုနာက အံ့အားသင့်ဖွယ် စိတ်ဝင်စားမှုပြသလာခဲ့ပါတယ်။ လက်ရှိ ဇင်းနစ်မှာ ကစားနေတဲ့ ၀ါရင့်ခံစစ်မှူးကြီးဟာ အသက် ၃၄ နှစ်ရှိပြီ ဖြစ်ပြီး အနားမယူခင် စပိန်ဘက်ကို ရောက်သွားလေဦးမလား။

ဆာရီလက်ထက်မှာ ပွဲကစားချိန်နည်းတဲ့အတွက် စိတ်ပျက်နေတဲ့ လော့ဖ်တပ်ချိခ်ဟာ ဇန်န၀ါရီမှာ အငှားနဲ့ပဲဖြစ်ဖြစ် ချယ်ဆီးမှ ထွက်ခွာရန် ကြံရွယ်နေပြီး ၄င်းကို ခေါ်ယူလိုတဲ့အသင်းတွေထဲမှာ လန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ်ပါ ပါဝင်နေတယ်လို့ သိရပါတယ်။

လာမယ့် စနေနေ့ ပွဲစဉ်မတိုင်ခင် ချယ်ဆီးအသင်းနဲ့ လက်ရှိ ယူနိုက်တက်မန်နေဂျာ မော်ရင်ညိုတို့ တွေ့ဆုံမှုမှတ်တမ်းမှာ မော်ရင်ညိုက ၄ပွဲနိုင် ၄ ပွဲရှုံး ရလဒ် ရရှိထားပါတယ်။ ၉ ကြိမ်မြောက်အဖြစ် ချယ်ဆီးနဲ့ ပြန်လည် ဆုံတွေ့ချိန်မှာ မော်ရင်ညို အသာစီး ရနိုင်မလား စောင့်ကြည့်ရဖို့ ရှိပါတယ်။
ဒီဘရိုင်း၊ အဂွယ်ရိုနဲ့ ဒပ်ဖ်တို့ကို မန်စီးတီးအသင်း လေ့ကျင့်ရေးမှာ တွေ့ရပြီး ၄င်းတို့အားလုံး ဘန်လေနဲ့ပွဲမှာ ပါဝင်က စားနိုင်အောင် ကြံ့ခိုင်မှု ပြည့်ဝနေပြီ ယူဆရပါတယ်။

နိုင်ငံပွဲတွေ အပြီး မန်စီးတီးရဲ့ ဒဏ်ရာရ ကစားသမားတွေ ပြန်ကောင်းလာချိန်မှာ လီဗာပူး ပွဲထွက်ကစားသမားတွေ ဒဏ်ရာရလာခြင်းက မန်စီးတီးရဲ့ ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းကြောင်းမှာ အသာစီး ရစေတဲ့အချက် ဖြစ်လာပြီလို့ မန်ချက်စတာအခြေစိုက် သတင်းဌာနများမှာ သုံးသပ်ဖော်ပြနေကြပါတယ်။

လာမယ့်နွေမှာ အသင်းနဲ့ စာချုပ်ကုန်ဆုံးမှာဖြစ်တဲ့ ကွန်ပနီက ထိုကိစ္စအတွက် စိတ်ပူမနေဘဲ မန်စီးတီးအသင်းမှာ ပျော်ရွှင်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှု ရှိလာဖို့ကိုလည်း ကွန်ပနီက မျှော်လင့်နေပါတယ်။

ဆားဘီးယားအသင်းနဲ့ အတူရှိစဉ် ကျောဒဏ်ရာ ရှိနေတဲ့အတွက် ပြန်လွှတ်ခြင်း ခံလိုက်ရတဲ့ ယူနိုက်တက် ကွင်းလယ်ကစားသမား မာတစ်ဟာချယ်ဆီးနဲ့ ရင်ဆိုင်မယ့် ပွဲစဉ်ကို လွဲချော်ဖွယ် ရှိပါတယ်။ မာတစ်အပြင် လုခ်ရှောကလည်း ဒဏ်ရာက ပြန်လည် သက်သာကာစ ဖြစ်ပြီး ကစားနိုင်ဖို့ မသေချာသေးပါဘူး။

ယူနိုက်တက်ကစားသမားဟောင်းကြီး ပေါစခိုးလ်ကတော့ အသင်းမှာ အမြင့်ဆုံးလုပ်ခလစာ ရရှိနေတဲ့ ဆန်းချက်အပေါ် ဝေဖန်မှုတွေ ပြုလုပ်သွားပါတယ်။ ဆန်းချက်မှာ အရည်ချင်းကောင်းတွေ ရှိပြီး ကစားသမားကောင်း ဖြစ်ပေမယ့် ယူနိုက်တက် ကစားသမား တစ်ယောက် အဖြစ် မြင်လို့မရကြောင်း စခိုးလ်က ဆိုပါတယ်။ တစ်ကိုယ်ကောင်း ဆန်တဲ့ ဆန်းချက်ဟာ ယူနိုက်တက်လိုအပ်နေတဲ့သူမျိုး မဟုတ်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

နယူးကာဆယ်အသင်းကို နိုင်တဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက် အသင်းမန်နေဂျာ် မော်ရင်ညို ကွင်းစည်းဘေးကနေ ပြုလုပ်တဲ့ အပြုအမူအပြောအဆိုတွေက မလျော်ကန်တဲ့ကြောင်း တွေ့ရှိတဲ့အတွက် အပြစ်ပေးမည်ဖြစ်ကြောင်း အက်ဖ်အေက ကြေငြာချက်ထုတ်ပြန် အတည်ပြုလိုက်ပါတယ်။

ဝက်ဟမ်းနဲ့ပွဲမှာ တော်တင်ဟမ်ကစားသမား 5 ဦးဟာ ပါဝင်ကစားဖို့ မသေချာပါဘူး။ သူတို့တွေက Wanyama, Eriksen, Dele Alli, Serge Aurier နဲ့ Mousa Dembele တို့ဖြစ်ပြီး ကြံ့ခိုင်မှုပိုင်းမှာ ပြသနာရှိနေကြတယ်လို့ သိရပါတယ်။

တော်တင်ဟမ်အသင်းဟာ အသစ်တည်ဆောက်နေတဲ့ အိမ်ကွင်းရဲ့ နာမည်ကို ရောင်းချဖို့အတွက် စပွန်ဆာကုမ္ပဏီ ရှာဖွေစကားပြောမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။ တော်တင်ဟမ်ဟာ အိမ်ကွင်းသစ်ကို ပေါင် သန်း 850 ကျော် အကုန်အကျခံထားရပြီး အဆိုပါကွင်းသစ်ကြောင့် ကလပ်အသင်းရဲ့ အသုံးစရိတ်ကို လျော့နည်းစေမှာ မဟုတ်ဘူးလို့ ဥက္ကဌ လီဗိုင်းက ထုတ်ပြောထားပါတယ်။

တော်တင်ဟမ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် လန်ဒန်ဒါဘီပွဲမှာ ဝက်ဟမ်းအသင်းရဲ့ အဓိက တိုက်စစ်သမား အနာတိုဗစ် ပါဝင်ကစားနိုင်မှာဖြစ်ပါတယ်။ အဆိုပါ တိုက်စစ်သမားဟာ ဒူးဒဏ်ရာကြောင့် ကြံ့ခိုင်မှုပြသနာပိုင်းမှာ ရုန်းကန်နေရသူဖြစ်ပါတယ်။

အာဆင်နယ်ကစားသမားဟောင်းကြီး ပီးယာ့ဇ်ကတော့ ဒီဘောလုံးရာသီမှာ အာဆင်နယ်အသင်း ထိပ်ဆုံး ၄သင်းဝင်ဖို့ ရာနှုန်းပြည့် ယုံကြည်မှု ရှိကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ရာသီဆက် အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယားမှာ အဆင့် ၄ အတွင်း မ၀င်ခဲ့ပါဘူး။

အာဆင်နယ် တိုက်စစ်မှူး လာကာဇက်တီက ပရီးမီးယားလိဂ်မှာ ပရိသတ်တွေက ဘောလုံးအသင်း အားပေးတဲ့သူတွေ ဆိုတာထက် ပွဲကြည့်ပရိသတ် ဆန်နေကြကြောင်း မှတ်ချက်ပြုလိုက်ပါတယ်။ လိုင်ယွန်ကစားသမားဟောင်း လာကာဇက်တီက ဇာတိမြေအသင်းဟောင်းကို လွမ်းမိကြောင်း ၀န်ခံပြီး ပြင်သစ် လီဂူးဝမ်းမှာ ပရိသတ်အားပေးမှုက ပရီးမီးယားလိဂ်ထက် ပိုပြီး နှစ်နှစ်ကာကာ ရှိတယ်လို့ ဆိုပါတယ်။

အာဆင်နယ်အသင်းဟာ တနင်္လာနေ့ လက်စတာနဲ့ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခံစစ်မှူး ဆိုကရေးတက် မပါဝင်ဘဲ ကစားရဖို့ ရှိပါတယ်။ ဂရိခံစစ်မှူးဟာ နိုင်ငံအသင်းနဲ့အတူ နေးရှင်းလိဂ်ပွဲစဉ် ဖင်လန်နဲ့ ကစားတဲ့ပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာ ရခဲ့တာပါ။