ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာဟာ အသင်းနဲ့ ပတ်သက်ပြီး မတည်ငြိမ်တဲ့ အနာဂတ်တွေနဲ့ ရင်ဆိုင်နေရတာပါ။ ယခုအချိန်မှာတော့ ပေါ့ဘာရဲ့ အစ်ကိုကလည်း သူ့ညီရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေ ပြုလုပ်လာပါပြီ။

သူဟာ သူ့ညီနဲ့ ယူနိုက်တက်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မသေချာကြောင်း ပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။ Daily Mail ကလည်း လာမယ့်နွေရာသီ အပြောင်းအရွေ့မှာ ပေါ့ဘာကို ပေါင်သန်း (၁၆၀) အထက် အသုံးပြုပြီး မက်ဒရစ်က ခေါ်ယူဖို့ ကြိုးစားလာမယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် ဆိုးရှားအနေနဲ့ သူ့အသင်းရဲ့ အဓိက ကစားသမားကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားသွားမယ်လို့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။ ယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို လက်လွှတ်ရဖို့ နီးစပ်နေတဲ့အတွက် ကစားသမားသစ် ခေါ်ယူမှု ပြုလုပ်နိုင်ဖို့ ပေါ့ဘာရှိနေခြင်းကို ဆွဲဆောင်မှုတစ်ခုအဖြစ် ပြုလုပ်လာနိုင်တာပါ။

ပေါ့ဘာရဲ့ အစ်ကိုတစ်ဦးဖြစ်တဲ့ ဖလော်ရန်တင်ကတော့ “ ပေါ့ဘာ ယူနိုက်တက်မှာ ဆက်ရှိနေမလားဆိုတာ ကျွန်တော် မပြောတတ်ပါဘူး။ ဘောလုံးလောကမှာ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော် ဒီနေ့မှာ အကြောင်းအရာ တစ်ခုပြောပြီး နောက်နေ့ကျ နောက်တစ်ခု ပြောတာမျိုးလည်း ဖြစ်နိုင်တာပါပဲ။

တစ်ခုခုက ဖြစ်လာတော့မှာပါ။ နွေရာသီလည်း ရောက်လာတော့ပါမယ်။ သူဆက်နေမလား သွားမှာလား ဆိုတာကို ကျွန်တော်တို့ တွေ့ကြရတော့မှာပါ။ ခုချိန်မှာ ကျွန်တော်လိုချင်တာက ကျွန်တော့ညီလေးကို ပျော်ရွှင်နေစေချင်တာပါ။ သူ့ကို ပျော်ပျော်ရွှင်ရွှင် ကစားနေစေချင်ပါတယ်။ ဒါပါပဲ။

ကျွန်တော့်အမြင်အရ သူဟာ အကောင်းဆုံး လုပ်ဆောင်ခဲ့ပြီးပါပြီ။ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်နိုင်ပါသေးတယ်။ ဒါကို ကျွန်တော်တို့ မကြာခင် သိရတော့မှာပါ။ ” လို့ စပိန်သတင်းဌာနတွေကို ပြောကြားခဲ့တာပါ။

ပေါ့ဘာဟာ ယခုနှစ်ရာသီမှာ ယူနိုက်တက်အတွက် (၄၅) ပွဲ ကစားထားပေးပြီး သွင်းဂိုး (၁၆) ဂိုးနဲ့ ဂိုးထောက်ပံ့မှု (၁၁) ကြိမ် ပြုလုပ်ထားပေးပြီးပါပြီ။ ဒါပေမယ့် လက်ရှိသူ့ရဲ့ ကစားပုံတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဆိုးရှားလက်ထက်မှာ စတင်ကစားခဲ့တဲ့ ပုံစံကောင်းတွေနဲ့ ကွဲပြားလာနေတာပါ။

ကွင်းလယ်ကစားသမားတွေ ဖြစ်ကြတဲ့ မာတာနဲ့ ဟာရဲရားတို့ဟာလည်း အသင်းကို စွန့်ခွာကြမှာ ဖြစ်ပါတယ်။ ဆိုးရှားအနေနဲ့ သူ့ရဲ့ ကွင်းလယ်ကစားသမားကို အသင်းမှာ ဆက်ထိန်းထားဖို့ ကြိုးစားရမှာပါ။ ထင်မှတ်မထားတာတွေ ဖြစ်တတ်တဲ့ ဘောလုံးလောကမှာ ဘာတွေဖြစ်လာမလဲ ဆိုတာကတော့ စောင့်ကြည့်သွားယုံပါပဲ။