မန်ယူကစားသမာဟောင်း ပေါလ်စခိုးလ်က လတ်တလောမှာ အသင်းအနေနဲ့ အားကစား ဒါရိုက်တာတစ်ဦး ခန့်အပ်ဖို့ အလျင်အမြန် လုပ်ဆောင်နေတယ်ဆိုတဲ့ အပေါ်မေးခွန်းထုတ်လိုက်ပြီး မန်ယူ လက်ရှိ အနေအထားအရ ကစားသမားသစ်ခေါ်ယူရေးကိုသာ ပို ဦးစားပေးသင့်တယ်လို့ အကြံပေးလိုက်ပါတယ်။

မန်ယူအသင်း တာဝန်ရှိသူတွေက အားကစားဒါရိုက်တာရာထူးအတွက် အသင်းရဲ့ခံစစ်မှူးဟောင်း ရီယိုဖာဒီနန်ကို ခန့်အပ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဖာဒီနန်ရဲ့ အသင်းဖော်ဟောင်း ပေါလ်စခိုးလ်ကတော့ အသင်း ပြန်လည် တည်ဆောက်ရာမှာ အဆိုပါကိစ္စက ဦးစားပေးထားဖို့ အရေးပါသလား၊ မပါသလား ဆိုတာကို မေးခွန်းထုတ်လိုက်ပါတယ်။

ဘီဘီစီနဲ့ အင်တာဗျူးမှာ ပေါလ်စခိုးလ်က ” အဲဒီကိစ္စဟာ ပွင့်ပွင့်လင်းလင်းပြောရရင် အချိန်ဖြုန်းနေတာပါပဲ၊ ဘောလုံးကလပ်တွေအနေနဲ့ ဘာကြောင့် အားကစားဒါရိုက်တာ တစ်ဦးကိုလိုအပ်သလဲဆိုတာကို ကျွန်တော်နားမလည်ပါဘူး၊ နည်းပြတစ်ဦးရှိရင် ကစားသမားတွေကို ဝယ်လို့ ရနေပါပြီ၊ ”

“နည်းပြဆီမှာ ကင်းထောက် တာဝန်ခံတစ်ဦးရှိမယ်၊ အဲဒီကင်းထောက်တာဝန်ခံက ဘယ်ကစားသမားတွေကို စောင့်ကြည့်သင့်တယ်၊ ဝယ်ယူသင့်တယ်ဆိုတာကို ထောက်ခံအကြံပေးရပါတယ်၊ အားကစားဒါရိုက်တာ ရာထူးက ကျွန်တော့်အတွက်တော့ မလိုအပ်ဘူးလို့ ထင်ပါတယ်၊ အသင်းတွေအနေနဲ့ မလိုအပ်တဲ့နေရာမှာ အလုပ်အကိုင်တစ်ခုကို ဖန်တီးလိုက်တာပါပဲ ” လို့ စခိုးလ်က ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က အသင်းရဲ့ပထမ ဦးစားပေးလုပ်ရမယ့် အလုပ်ဟာလာမယ့်နွေရာသီမှာ လက်ရှိအသင်းကို အင်အားတောင့်တင်းလာအောင် အရည်အသွေးရှိတဲ့ ခေါ်ယူမှုတွေပြုလုပ်သွားရမှာဖြစ်တယ်လို့ အကြံပြုလိုက်ပါတယ်။

” ဆိုးရှားနဲ့ သူ့ရဲ့ကင်းထောက်အဖွဲ့တို့ဟာ လာမယ့်(၆)ပတ်အတွင်းမှာ အတူတကွ အလုပ်လုပ်သွားရမှာဖြစ်ပြီး အသင်းရဲ့ ဘယ်နေရာမှာ တိုးတက်လာဖို့ လိုသလဲဆိုတာကို ရှာဖွေသွားရမှာပါ၊ ဆိုးရှားအနေနဲ့ ကစားသမား (၅)ယောက်၊ (၆)ယောက် လောက် လိုအပ်ပါတယ်၊ သူကိုယ်တိုင်လည်း ဒါကိုသိထားပါတယ်၊ သူ ဒီလောက်မမိုက်မဲပါဘူး၊ အသင်းကို တိုးတက်အောင်ပြုလုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် “လို့ စခိုးလ်က ဆိုပါတယ်။