အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာ ဘရိုက်တန်ကို အနိုင်မရခဲ့လို့ ပရီးမီးယားလိဂ်ကနေ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် မဖြစ်နိုင်သလောက် နီးပါး ခက်ခဲသွားပြီ ဖြစ်ပါတယ်။ အဆင့် ၄ အတွင်း ၀င်ချင်ရင် အာဆင်နယ်က ရာသီပိတ်ပွဲစဉ်မှာ ဘန်လေကို အနိုင်ကစားရမှာဖြစ်တဲ့အပြင် တစ်ဖက်မှာ အဲဗာတန်ကလည်း စပါးကို အနိုင်ကစားဖို့ လိုအပ်နေပြီး ပိုဆိုးတာက ဂိုးကွာခြားချက် ၈ဂိုးကို ချေဖျက်နိုင်ရေးပါပဲ။

အာဆင်နယ် ဒီပွဲ အနိုင်မရခဲ့တာကြောင့် ရှေ့မှာ ၀က်ဖို့ဒ်ကို ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ချဲလ်ဆီးက ရာသီပိတ်ပွဲစဉ်မတိုင်ခင်မှာပဲ ချန်ပီယံလိဂ်ဝင်ခွင့်သေချာသွားခဲ့ပြီး အာဆင်နယ်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ယူရိုပါလိဂ်မှာ မဖြစ်မနေ ဗိုလ်စွဲမှရပါတော့မယ်။

ဘရိုက်တန်က မနေ့ကတည်းက ပဲလေ့စ်ကို ကာဒစ်ဖ်အသင်း အရေးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ တန်းတင်ကျန်ရစ်ဖို့ သေချာခဲ့ပေမယ့် ဒီပွဲမှာ စိတ်ဓာတ်အပြည့်နဲ့ကစားခဲ့ပြီး ၁-၁ ဂိုးဖြစ်နေချိန်မှာ အာဆင်နယ်နဲ့အပြိုင် အပိုင်အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ အာဆင်နယ် ခံစစ်က ဒီပွဲမှာ ပင်နယ်တီကနေပဲ တစ်ဂိုးပေးခဲ့ရတယ်ဆိုပေမယ့် တည်ငြိမ်တဲ့ ပုံစံမျိုးမပြသနိုင်ခဲ့ဘဲ ဘရိုက်တန် ရဲ့တန်ပြန် တိုက်စစ်တွေကို အသည်းအသန် ကာကွယ်ခဲ့ရပါတယ်။

အာဆင်နယ် တိုက်စစ်ကလည်း ဒီရာသီမှာ ၃မှတ်အပြည့်မရဘဲ ဂိုးပေါက်ကန်သွင်းမှုအများဆုံးအဖြစ် အကြိမ် ၂၀ အထိ ကန်သွင်းခဲ့ပေမယ့် ပင်နယ်တီကနေ တစ်ဂိုးပဲရရှိခဲ့တာပါ။ အာဆင်နယ်ဟာ ပွဲအစကတည်းက ဦးဆောင်ကစားနိုင်ခဲ့ပြီး မစ်ခီတာယန်ရဲ့ ကိုက် ၂၀အကွာက ကန်သွင်းချက် တိုင်ထိထွက်ခဲ့ပါတယ်။

ပွဲချိန် ၉မိနစ်မှာတော့ မွန်ရီရယ်ကြောင့် ရရှိလာတဲ့ပင်နယ်တီကို တိုက်စစ်မှူး အူဘာမီယန်က ဒီရာသီသူ့ရဲ့ ပရီးမီးယားလိဂ်သွင်းဂိုး ၂၀မြောက်အဖြစ် အမှားအယွင်းမရှိကန်သွင်းယူနိုင်ခဲ့လို့ အာဆင်နယ်အသင်း ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဘရိုက်တန်အသင်း အပြန်အလှန်ကစားနိုင်ခဲ့ပြီး ရှာခါကြောင့် အာဆင်နယ်အသင်း ပင်နယ်တီပေးခဲ့ရကာ ရှာခါကလည်း ၂၀၁၆ ခုနှစ်က အာဆင်နယ်အသင်းကို ရောက်ရှိလာချိန်ကတည်းက တစ်သင်းတည်းအတွက် ပင်နယ်တီပြစ်ဒဏ် ကျူးလွန်မှု အများဆုံး ကစားသမားအဖြစ် ၄ကြိမ် အထိ ပေးထားရပါတယ်။

အဲဒီပင်နယ်တီကို ဘရိုက်တန်တိုက်စစ်မှူး မာရေးက မတ်လနောက်ပိုင်း သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်သွင်းဂိုးအဖြစ် တည်တည်ငြိမ်ငြိမ် ကန်သွင်းနို င်ခဲ့ပြီး ပွဲပြီးဖို့ ၅မိနစ်အလိုမှာ မတ်ခ်ျရဲ့ အနီးကပ်ထောင့်ဖြတ်ခေါင်းတိုက်ချက်ကို အာဆင်နယ်ဂိုးသမား လီနို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သလို ပြန်ထွက်လာတာကို ပါစကယ် ဂရော့စ်ပိတ်သွင်းရာမှာလည်း ဂိုးပေါက်နဲ့လွဲချော်သွားပါတယ်။