မန်ချက်စတာယူနိုက်တက်ဟာ ဟက်ဒါဖီးကို သရေကျလိုက်တာကြောင့် နောက်ဘောလုံးရာသီ ချန်ပီယံလိဂ် ၀င်ခွင့်မရတော့တာ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။ ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ ကစားသမား တစ်ယောက်ချင်းစီ အကြောင်း ဝေဖန်မှု မပြုလုပ်လိုသေးကြောင်း ပွဲအပြီးမှာ ဖြေကြားခဲ့ပါတယ်။

” မိနစ် ကိုးဆယ်အတွင်းမှာ ကျနော်တို့ လုံလောက်တဲ့ ကောင်းမွန်မှုတွေ မရှိဘူး။ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပေမယ့် လွဲချော်ခဲ့တယ်။ ကျနော်တို့ ဧရိယာထဲ သူတို့ကို ပေးကို မ၀င်ဖို့ ကြိုးစားခဲ့ပါတယ်။ သူတို့ကို မျှော်လင့်ချက်ပေးလိုက်လို့ မရဘူးဆိုတာ သိခဲ့ပေမယ့် ကံမကောင်းစွာပဲ ပေးခဲ့မိတယ်။” လို့ ဆိုးရှားက ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် ခံစစ်သမားဟောင်းကြီး နဗီးကတော့ ဟက်ဒါဖီးနဲ့ပွဲကို ရင်ဆိုင်ကစားတဲ့ပွဲမှာ ပြသခဲ့တဲ့ ယူနိုက်တက်ရဲ့ ညံ့ဖျင်းဆဲ့ ပုံစံတွေကို အကြီးအကျယ် စိတ်ပျက်နေပြီး ဆိုးရှားအနေနဲ့ အသင်းတစ်သင်းလုံးကို တစ်စစီ ပြန်လည် ပြင်ဆင်သွားဖို့ လိုအပ်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။

ဘီဘီစီကဆိုရင် ယူနိုက်တက်ရဲ့ သရေရလဒ်က ထူးဆန်းတဲ့ ရလဒ်မဟုတ်ပဲ တန်းဆင်းဇုံခြေစွမ်းနဲ့ ကစားတဲ့ ယူနိုက်တက်နဲ့ ရင်ဆိုင်ရာမှာ ဟက်ဒါဖီးက သရေတစ်မှတ်ရတာက ထိုက်တန်တယ်လို့ ဆိုထားပါတယ်။

မန်ယူက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ ညာနောက်ခံလူ ယာအိုကန်ဆယ်လိုကို ခေါ်ယူဖို့ မြို့ခံပြိုင်ဘက် မန်စီးတီး ကလည်း စိတ်ဝင်စားလာပြီလို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်က ဒီဂီယာကို အသင်းနဲ့ အနာဂတ် ကိစ္စ စဉ်းစားဆုံးဖြတ်ရန် တစ်ပတ် အချိန်ပေးလိုက်ပါတယ်။ ဒီဂီယာရဲ့ အနေအထား မသေချာတာကြောင့် ယူနိုက်တက်က ရီးရဲလ် ဂိုးသမား နာဗက်ကို ခေါ်ယူရန် ကြံရွယ်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ PSV မှ မက္ကစီကို တိုက်စစ်သမား လိုဇန်နိုက နာပိုလီအသင်းထံ ပေါင် ၃၄ သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက် တိုက်စစ်သမား လင်ဂတ်ရဲ့ အင်တာဗျူးမှာ နောက်ရာသီ ချန်ပီယံလိဂ် ၀င်ခွင့်အရေးကြီးကြောင်း ပြောဆိုထားတာတွေကို ကလပ်အသင်းက ပြန်လည် တည်းဖြတ်ပြီး ဖယ်ထုတ်ခဲ့ရပါတယ် ။

ရီးရဲလ်မက်ဒရစ်အသင်း မန်နေဂျာ ဇီဒန်းကတော့ ယူနိုက်တက် ကွင်းလယ် ပေါ့ဘာကို အသင်းပြောင်းဖို့ အခု မလာရင် နောက် မဖြစ်နိုင်ဘူးလို့ ဖိအားပေးလိုက်ပါတယ်။

ယူနိုက်တက် ကွင်းလယ် မာတာက စပိန်သို့ ပြန်သွားဖွယ် ရှိနေပါတယ်။ အက်သလက်ဘီဘာအိုက မာတာကို အသည်းအသန် ခေါ်ယူချင်နေပြီး ယူနိုက်တက်ကတော့ မာတာကို သက်တမ်း တိုး တစ်နှစ်နဲ့ ထပ်တိုး တစ်နှစ် အပါ စာချုပ် ကမ်းလှမ်းမှု လုပ်ထားပါတယ်။

ယူနိုက်တက်ဟာ နောဝစ်ခ်ျ အသင်းမှ အင်္ဂလန်သား ခံစစ်မှူး ဘန် ဂေါ့ဖရေးကို ခေါ်ယူလိုနေပြီး နောဝစ်ခ်ျဘက်ကတော့ အသက် ၂၁ နှစ်အရွယ် ခံစစ်မှူး အတွက် ပေါင် ၁၅ သန်း အလိုရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဂိုးသမားဟောင်းကြီး ဗန်ဒါဆားကို အသင်း နည်းစနစ် ဒါရိုက်တာ ရာထူး အဖြစ် ခန့်အပ်ဖို့ ပစ်မှတ် ထားနေပေမယ့် ၄င်းကတော့ အေဂျက်ကနေ ထွက်ခွာလိုခြင်း မရှိတာကြောင့် ယူနိုက်တက်ရဲ့ အကြံစည်တွေ ဖြစ်မြောက်လာဖွယ် မရှိတော့ပါဘူး။