ချယ်ဆီးက ၀က်ဖို့ဒ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရာ လော့ဖ်တပ်ချိခ်၊ ဒေးဗစ်လူးဝစ်၊ ဟီဂူအင်တို့ရဲ့ ဒုတိယပိုင်း သွင်းဂိုးများနဲ့ အနိုင်ရသွားခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၃ နေရာထိ တက်လှမ်းခဲ့ပါတယ်။

ချယ်ဆီးကွင်းလယ် ကစားသမား ကန်တေက ၀က်ဖို့ဒ်နဲ့ ပွဲမှာ တံကောက်ကြော ဒဏ်ရာ ရသွားခဲ့ပြီး ချယ်ဆီးအသင်း ဒီရာသီ လက်ကျန် ပွဲများ ပါဝင်ကစားနိုင်ဖို့ မသေချာတော့ဘူး ဖြစ်ပါတယ်။ နည်းပြ ဆာရီကတော့ နောက်နှစ်ပွဲမှာ ကန်တေ အချိန်မီ ပြန်ကောင်းဖို့ ခက်ခဲတယ် ၀န်ခံလိုက်ပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲ တက်ရောက်ရရင်တော့ ပြန်ကစားနိုင်ဖွယ် ရှိပါတ်ယ။

စတန်းဖို့ဘရစ်ခ်ျမှာ နောက်ဆုံးပွဲ ကစားသွားတာ ဖြစ်ဖွယ် ရှိတဲ့ အီဒင်ဟာဇက်က ၀က်ဖို့ဒ်နဲ့ပွဲမှာ ကိုယ်တိုင် ဂိုး မသွင်းနိုင်ခဲ့သော်လည်း ဂိုးထောက်ပံ့မှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး အကောင်းဆုံး ကစားသမား ဆုပါ ရရှိခဲ့ပါတယ်။

ပွဲအပြီးမှာ ခံစစ်မှူး လူးဝစ်က ” နိုင်ပွဲက ကျနော်တို့အတွက် ကောင်းပါတယ်။ ကိုယ်ရဲ့ အခွင့်အရေးကို ကိုယ်ယူနိုင်ခဲ့တာပါ။ ကျနော်တို့ ဂိုးတွေ သွင်းယူခဲ့တယ်။ ပွဲကို အပြတ်ဖြတ်နိုင်ခဲ့တယ်။ ပွဲစဉ်ဇယားက ကြပ်တည်းပါတယ်။ ဒါပေမယ့် ကျနော်တို့မှာ ထူချွန်တဲ့ ကစားသမားတွေရှိပြီး အဲ့တာက ပွဲထွက် 11 ဦးဆိုတာထက် ပိုပါတယ်။ ကျနော်တို့ အလှည့်ကျနဲ့ ကစားနိုင်သလို တူညီတဲ့ အရည်အချင်းတွေလည်း ရှိကြတယ်။ ခက်ခဲပေမယ့် အားလုံးအတွက် ခက်ခဲတာပါပဲ။ အနိုင်သုံးမှတ်ရဖို့ ကျနော်တို့ အကောင်းဆုံး လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် အဆုံးထိ ယှဉ်ပြိုင်သွားမှာပါ ” လို့ ပြောဆိုခဲ့ပါတယ်။

ဝက်ဖို့နဲ့ပွဲမှာ စတမ်းဖိုဒ့်ဘရစ်ခ်ျမှာ သူ့ရဲ့နောက်ဆုံးပွဲအဖြစ် ကာဟေးက လူးဝစ်အစား ပါဝင်ကစားခွင့်ရပြီး အသင်းပရိသတ်တွေကတော့ ‘ ကာဟေးက အားလုံးကို အနိုင်ရခဲ့တယ်’ ဆိုပြီး သံပြိုင်သီကြွေးကာ ဂုဏ်ပြုပေးခဲ့ကြပါတယ်။

ဘောလုံးရာသီ ပြီးဆုံးတာနဲ့ တပြိုင်နက် ချယ်ဆီးထံမှ ဟာဇက်ကို ခေါ်ယူနိုင်ခဲ့ပြီလို့ ကြေငြာရန် ရီးရဲလ်က ပြင်ဆင်နေတယ်လို့ စပိန်သတင်များမှာ ဖော်ပြနေပါတယ်။

ချယ်ဆီးနည်းပြ ဆာရီကတော့ နောက်ရာသီမှာလည်း တိုက်စစ်မှူး ဟီဂူအင်ကို အသင်းမှာ ဆက်ရှိစေလိုကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ ၀က်ဖို့ဒ်နဲ့ ပွဲမှာ ဟီဂူအင်လည်း ၁ ဂိုး သွင်းခဲ့ပြီး လိဂ်ပွဲ ၁၃ ပွဲမှာ ၅ ဂိုးမြောက်သွင်းခဲ့တာ ဖြစ်ပါတယ်။