စပိန်လာလီဂါ အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ ဘာစီလိုနာဟာ ဗဟို ခံစစ်မှူး တစ်ယောက်ကို ဈေးကွက်ထဲမှာ ရှာဖွေနေပြီး တော့တင်ဟမ် စပါးအသင်းရဲ့ ခံစစ်ကစားသမား တိုဘီအယ်ဒါဝီရယ်ကို ပစ်မှတ်ထားလာတာပါ။ အယ်ဒါဝီရယ်ကို ပြီးခဲ့တဲ့နွေ အပြောင်းအရွှေ့မှာလည်း စပါးရဲ့ ပြည်တွင်းပြိုင်ဘက် မန်ချက်စတာယူနိုက်တက်က ခေါ်ယူဖို့ အသည်းအသန် ကြိုးစားဖူးပါတယ်။

အသက် ၂၄နှစ်အရွယ် တိုဘီ အယ်ဒါဝီရယ်ဟာ စပါးအသင်းနဲ့ စာချုပ်သက်တမ်း တနှစ်လျော့လျော့သာ ကျန်တော့တာဖြစ်လို့ ဘာစီလိုနာတို့က ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ခေါ်ယူနိုင်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။ ဒဏ်ရာပြသနာတွေ များစွာနဲ့ ရင်ဆိုင်ရနေတဲ့ ဘာစီလိုနာဟာ အေဂျက်စတား မက်သစ်ဂျီ ဒီလစ်ကို ပစ်မှတ်ထားခဲ့ဖူးပါတယ်။ ဒါပေမယ့် နယ်သာလန်နိုင်ငံသားကို ရာသီဝက်မှာ ခေါ်ယူနိုင်ဖို့ မဖြစ်နိုင်ဘူး ဆိုတာ လက်ခံခဲ့ရတယ်။

ပြီးခဲ့တဲ့ရာသီက ပိုချက်တီနိုရဲ့ ဦးစားပေးလူစာရင်းကနေ ချန်လှပ်ခံထားရပြီး အနာဂတ် မတည်မငြိမ်ဖြစ်နေတဲ့ အယ်ဒါဝီရယ်ကို ထိုစဉ်ကတည်းက ကတ်တလန်သားတို့ စိတ်ဝင်စားနေခဲ့တာပါ။ အခုရာသီမှာတော့ အယ်ဒါဝီရယ်ဟာ ဦးစားပေးစာရင်းထဲ ပြန်လာပြီး ပိုချက်တီနိုရဲ့ ပရီးမီးယားလိဂ် ၈ပွဲမှာ ၇ပွဲအထိ ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။

ဒါပေမယ့် အယ်ဒါဝီရယ်ရဲ့ တန်ဖိုး လျော့နည်းလာခြင်းနဲ့အတူ စပါးအသင်းဟာ သူ့ကိုရောင်းဖို့ ကမ်းလှမ်းမှုတွေကို လက်ခံမယ့် သဘောမှာ ရှိပါတယ်။ မြောက်လန်ဒန်သားတွေအနေနဲ့ သက်တမ်းကုန်တော့မယ့် အယ်ဒါဝီရယ်နဲ့ လက်ရှိ စာချုပ်မှာ တနှစ်ထပ်တိုးခွင့် ပါရှိသော်လည်း လာမယ့် အပြောင်းအရွှေ့ကာလရဲ့ နောက်ဆုံးနှစ်ပတ်မှာ သူ့ကို ပေါင် ၂၅သန်းနဲ့ ရောင်းချဖို့ ပိုလိုလားဟန် ရှိနေတာပါ။

အယ်ဒါဝီရယ်ကတော့ ကလပ်နဲ့သူ့ရဲ့စာချုပ်အခြေအနေကို ဘာမှမဆုံးဖြတ်ရသေးဘူးလို့ဆိုပါတယ်။ ပြီးခဲ့တဲ့အပတ်က နိုင်ငံတကာပွဲစဉ်မှာ မေးခဲ့တုန်းက အယ်ဒါဝီရယ်က –

“ရိုးရိုးသားသားပြောရရင် အခုချိန်မှာ အဲ့ဒီအကြောင်းကို လုံးဝ မစဉ်းစားသေးပါဘူး။ ကျနော် အဆင်ပြေတယ်.. အခု ပွဲတွေအများကြီးလဲ ကစားရတယ်။ ဒါကြောင့် ပျော်တယ်.”လို့ ဖြေခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းမှာလည်း မန်နေဂျာ ဟိုဆေးမော်ရင်ညိုက သူ့နောက်တန်းကို အားဖြည့်ဖို့ အသည်းအသန် ဖြစ်နေတာနဲ့အညီ ပြီးခဲ့တဲ့ ရာသီတည်းက အယ်ဒါဝီရယ်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေရှိခဲ့ပါတယ်။ ယခုရာသီ အိုးလ်ထရက်ဖို့ဒ်မှာလဲ အဲရစ်ဘိုင်လီနဲ့ ဗစ်တာ လင်ဒယ်လော့ဖ်တို့ဟာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာကြောင့် လာမယ့် ဇန်နဝါရီ မှာ အယ်ဒါဝီရယ်ကို ထပ်မံကြိုးစားဖို့ ရှိနေဆဲပါ။

စပါးအသင်းကနေ ထွက်ခွာမယ့်အကြောင်းနဲ့ပတ်သက်ပြီး အယ်ဒါဝီရယ်ကို မေးမြန်းရာမှာတော့ –

“လူတိုင်းကတော့ ကျနော် တော့တင်ဟမ်ကနေ ထွက်ခွာပြီး သွားဖို့ နေရာတိုင်းကိုပြောနေကြတာပဲ။ ဒါကမမှန်ပါဘူး. ဒီနွေရာသီမှာ အသင်းဟာ ကျနော့်ကို ဆက်ရှိနေစေချင်တယ် ဆိုတာ ကျနော် နားလည်ခဲ့ပါတယ်။ ဒါကြောင့် ကျနော် အသင်းမှာ နေရာရဖို့ ကြိုးစားသွားမှာပါ.
ဦးစားပေး စာရင်းမှာ ကျနော်ပြန်ရှိနေတာက ကျနော့်အောင်မြင်မှုပါပဲ” လို့ အယ်ဒါဝီရယ်က ဆိုခဲ့ပါတယ်။