နယ်သာလန်ကစားသမား ဒီလစ်ဟာ မန်ယူဘက်က ကမ်းလှမ်းတဲ့ စာချုပ်ကို ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ မန်ယူဘက်က ကစားသမားကို တစ်ပတ်လုပ်ခ ပေါင် နှစ်သိန်းခွဲ ပါဝင်တဲ့ ၅ နှစ်စာချုပ်နဲ့ ကမ်းလှမ်းခဲ့တာပါ။

မန်နေဂျာဆိုးရှားဟာ ကလပ်အသင်းကို လူစာရင်းအင်အား တိုးချဲ့ဖို့ ပြင်ဆင်ရာမှာ ခံစစ်အတွက် ဒီလစ်ကို သဘောတွေ့နေပြီး အဓိက ပစ်မှတ်ထဲ ထည့်သွင်းထားပါတယ်။ ကလပ်အသင်း အကြီးအကဲတွေက ကစားသမားရဲ့ အေဂျင့်နဲ့ စကားပြောမှုတွေတောင် လုပ်နေပေမယ့် ဒီလစ်က မန်ယူကို မပြောင်းလိုပါဘူး။

အသက် ၁၉ နှစ်အရွယ် နယ်သာလန်လက်ရွေးစင် ဒီလစ်ဟာ ဒီရာသီမှာ အေဂျက်နဲ့အတူ အထူးခြေစွမ်းပြနေပြီး ဥရောပအသင်းကြီးတွေရဲ့ ထိပ်တန်ပစ်မှတ်ဖြစ်လာနေတယ်။ မနက်က ယှဉ်ပြိုင်ကစားတဲ့ စပါးကို ၀-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပ-အကျော့အဝေးကွင်းပွဲမှာလည်း အကောင်းဆုံးပုံစံနဲ့ ပေးဂိုးမရှိကစားနိုင်ခဲ့ပါတယ်။

ဒီလစ်ဟာ အသက် ၁၆ နှစ်အရွယ်မှာတင် အေဂျက်အတွက် စတင်ကာ ကစားပေးမှုတွေ လုပ်လာခဲ့ပြီး လက်ရှိမှာ ပြိုင်ပွဲစုံ ၁၀၈ ပွဲထိ ကစားပေးထားပြီလည်းဖြစ်တယ်။ ဒီရာသီ ပြည်တွင်း ပြည်ပမှာ ပြသနေတဲ့ အေဂျက်ရဲ့ ခြေစွမ်းနဲ့ ဒီလစ်ရဲ့ ဦးဆောင်နိုင်မှုတွေကြောင့် နယ်သာလန်သားလေးဟာ ဥရောပရဲ့ ထိပ်တန်း ဗဟိုခံစစ်သမား ဖြစ်လာမယ်လို့ အမှတ်ကောင်းပေးခြင်း ခံထားရသူဖြစ်ပါတယ်။

ရိုင်အိုလာဟာ ဒီလစ်ကို မန်ယူထံ ပြောင်းဖို့ကိုပဲ အဓိက စည်းရုံးခဲ့ပေမယ့် ကစားသမားဘက်က ပယ်ချခဲ့မှုမှာ လာမယ့်ရာသီ ချန်ပီယံလိဂ် ကစားရဖို့ မရှိခြင်းကလည်း အကြောင်းရင်းတစ်ခုဖြစ်လာမယ် ယူဆရပါတယ်။